ဒေါ်စုမွေးနေ့ကို ထိုင်းမှာလဲကျင်းပ

  • 18 ဇွန် 2011
dassk
Image caption ဒေါ်အောင်ဆန်းစုကြည်

ဇွန်လ ၁၉ ရက်နေ့ ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ပဲ ဖြစ်ပါတယ်။

အဲဒီနေ့အတွက် မွေးနေ့ပွဲ အခမ်း အနားတွေ ကို နိုင်ငံ အရပ်ရပ် မှာ ကျင်းပ ကြသလို ထိုင်း နိုင်ငံမှာလဲ ဒေသ အသီးသီးက နိုင်ငံရေး အဖွဲ့ အစည်း တွေ၊ အမျိုးသမီး အဖွဲ့ အစည်း တွေ ကလဲ ကျင်းပ ပြုလုပ် ကြမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာတော့ ချင်းမိုင်မြို့နဲ့ မဲဆောက်မြို့ တွေမှာ ပြုလုပ် ကျင်းပ မှာ ဖြစ်ပါတယ်။ ချင်းမိုင် မှာ ပြုလုပ်တဲ့ အခမ်းအနားကိုတော့ အမျိုးသမီး များအဖွဲ့ချုပ် ( မြန်မာ နိုင်ငံ) နဲ့ အခြားသော ချင်းမိုင် အခြေဆိုက် အဖွဲ့ အစည်းတွေကနေ စုပေါင်းပြီး ဆွမ်းကျွေးပွဲနဲ့ ဆုတောင်းပွဲ ပြုလုပ်ပြီး အထိမ်းအမှတ် ပြုမှာ ဖြစ်ပါတယ်။

အဲဒီ ဆွမ်းကျွေးပွဲနဲ့ ဝတ်ပြုဆုတောင်း ပွဲတွေကို ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်း တခုမှာ နံနက် ၁၀ နာရီ ကနေ နေ့လည် ၁ နာရီ အထိ တပြိုင်ထဲ ကျင်းပပြုလုပ် မှာ ဖြစ်ပါတယ်။

အလားတူပဲ မဲဆောက်မြို့ မှာလဲ မဲဆောက် အခြေဆိုက် အဖွဲ့အစည်း ၁၃ ခုကနေ နံနက် ပိုင်းမှာ နိုင်ငံရေး အရ အခမ်းအနား ပွဲ ပြုလုပ်မှာ ဖြစ်ပြီး၊ နေ့လည်ပိုင်း မှာတော့ သံဃာတော် အပါး ၃၀၀ ကျော်ကို ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ပြုလုပ်ပြီး အထိမ်းအမှတ် ပြုမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလ ၁၃ ရက် နေ့က နေအိမ် အကျယ်ချုပ် ကနေ လွတ်မြောက်လာတာ ဖြစ်ပြီး မကြာခင်မှာ တနိုင်ငံလုံး နယ်လှည့် ခရီးစတင် တော့မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ် နဲ့ ပတ်သက်ပြီး အမျိုးသမီးများ အဖွဲ့ချုပ် ( မြန်မာနိုင်ငံ) က မြန်မာ နိုင်ငံမှာ တကယ့် စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု မရှိသေးတဲ့ အနေအထား ကနေ စတင်မဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ နယ်လှည့် စည်းရုံးရေး ခရီးစဉ် အတွက် အထူးစိုးရိမ် ကြောင်း ကြေငြာချက် တစောင်ကို ထုတ်ပြန်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေး ပိုင်းမှာ အထူးသတိထား ဖို့ လဲတောင်းဆို ထားတယ်လို့ သိရပါတယ်။