တာလီဘန်တွေနဲ့ အမေရိကန် ဆွေးနွေး

  • 18 ဇွန် 2011
ဓာတ်ပုံ မူပိုင် bbc
Image caption အထူးသဖြင့်တော့ အမေရိကန်ဘက်က အရှာရှိတွေ ပါတယ်လို့ မစ္စတာ ကာဇိုင်းကပြော

အာဖဂန်နစ္စတန်မှာ တာလီဘန် သူပုန်တွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်တဲ့အထဲမှာ အမေရိကန်လည်း ပါဝင်တယ်လို့ အာဖဂန် သမ္မတ ဟာမစ်ကာဇိုင်းက ပထမဆုံးအနေနဲ့ အရားဝင် အတည်ပြု ပြောကြားလိုက် ပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ တာလီဘန် သူပုန်တွေ ဆွေးနွေး ပြောဆိုမှုတွေ ရှိမယ်ဆိုတဲ့ ယူဆချက်တွေရှိခဲ့ပေမယ့် ဒီတခါတော့ ထိပ်တန်း အရာရှိ တယောက်ကနေ ပထမဆုံးအကြိမ် အတည်ပြု ပြောကြားလိုက်ရတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ နိုင်ငံခြားတပ်ဖွဲ့တွေက အရာရှိတွေပါဝင်ပြီး အထူးသဖြင့် တော့ အမေရိကန်ဖက်က အရှာရှိတွေ ဖြစ်တယ်လို့ မစ္စတာ ကာဇိုင်းက ပြောပါတယ်။

ဒါပေမယ်လို့ တာလီဘန်ဘက်က လုပ်ပိုင်ခွင့်ရှိတဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့လား ဒါမှမဟုတ် ကြားဝင်ဆောင်ရွက်ပေးနေသူတွေနဲ့ ဆွေးနွေးတာလား ဆိုတာကိုတော့သူက အတိအကျ ထုတ်ဖေါ်ပြောကြားခြင်း မရှိပါဘူး။

ဆွေးနွေးနေတဲ့ အမေရိကန်အရာရှိ ဘယ်သူဘယ်ဝါဆိုတာကိုတော့ အတိအကျ ထုတ်ဖော် ပြောကြားတာမျိုးမရှိပါဘူး။ ဘာတွေ ဆွေးနွေးနေတယ်ဆိုတာကိုလည်း မသိရသေးပါဘူး။

ဒါပေမယ့် တိကျတဲ့ အကြောင်းအရာ တခုခုကို ဆွေးနွေးနိုင်တဲ့ အဆင့် မရောက်သေးဘဲ ဆွေးနွေးဖို့ အတွက်ကို ကြိုတင်ဆွေးနွေး ညှိနှိုင်းတဲ့ အဆင့်လို့ ယူဆကြပါတယ်။

တာလီဘန်ဘက်က အမြဲလိုလို ရပ်တည် ပြောဆိုလေ့ရှိတာကတော့ နိုင်ငံတကာ တပ်ဖွဲ့တွေ အာဖဂန်နစ္စတန် ကနေ အရင်ထွက်ပေးရမယ်။ ပြီးမှ အာဖဂန် အစိုးရ သက်သက်နဲ့သာ ဆွေးနွေးနိုင်မယ်လို့ ဆိုပါတယ်။ ဒီပြောဆိုချက်ဟာ မစ္စတာ ကာဇိုင်း ပြောဆိုတာနဲ့တော့ ကွဲလွဲနေပါတယ်။

အကျိုးရလဒ်တခုခု အလွယ်တကူနဲ့ ထွက်ပေါ်လာမယ်လို့တော့ ဘယ်သူကမှ မျှော်လင့် မထားကြပါဘူး။ နေတိုး၊ အာဖဂန်အစိုးရသာ မက တာလီဘန် အပါအဝင် အားလုံး နားလည်ထားကြတာက နောက်ထပ်တနှစ် အနည်းဆုံး ပြင်းပြင်းထန်ထန် ဆက်လက်ပြီး စစ်ဆင်နွဲနေကြဦးမယ်၊ နောက်ထပ် နှစ်တော်တော် များများလည်း ကြာချင် ကြာသွားနိုင် တယ်လို့ပဲ နားလည် ထားကြတာဖြစ်ပါတယ်။