သီတဂူဆရာတော်ရဲ့ငြိမ်းချမ်းရေးတရားပွဲ

  • 18 ဇွန် 2011
sitagu_sayadaw
Image caption သီတဂူ ဆရာတော်ကြီး

ရန်ကုန်တိုင်း မြောက်ဒဂုံ မှာ ဆောက်လုပ် ထားတဲ့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓ သာသနာ့ တက္ကသိုလ် ဖွင့်ပွဲ အခမ်းအနား ကို ဇွန်လ ၁၇ ရက် နေ့က အစိုးရသစ် ဒုသမ္မတနဲ့ တာဝန်ရှိသူ တွေ ဦးဆောင် ပြီး ဖွင့်လှစ် ခဲ့ပါတယ်။

ဇွန်လ ၁၈ ရက်နေ့မှာတော့ နိုင်ငံရေး၊ ဘာသာ ရေးနဲ့ လူမှု အသင်းအဖွဲ့ တွေက ခေါင်းဆောင် ပိုင်းတွေကို ဖိတ်ကြားပြီး သီတဂူ ဆရာတော်က တရားချီးမြှင့် ခဲ့ပါတယ်။

အဲဒီ ဖွင့်ပွဲ အခမ်းအနား မှာ ဒီမိုကရက်တစ် ပါတီ မြန်မာ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ရခိုင် တိုင်းရင်းသား တိုးတက်ရေး ပါတီ စတဲ့ နိုင်ငံရေး ပါတီ အသီးသီးက ခေါင်းဆောင် တော်တော် များများ တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။

ဒီအခမ်းအနားကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ မြန်မာရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုကတော့ ဆရာတော် ရဲ့တရားနဲ့ ပတ်သက် ပြီး ပြောပြရာမှာ အရေးကြီးဆုံးက သည်းခံရမှာ ဖြစ်ပြီး အကျိုးအားဖြင့် မေတ္တာစိတ် ပွားရမှာ ဖြစ်ကြောင်းနဲ့ အဲဒီလို သည်းခံ နိုင်သူသာ သန္တိ ဆိုတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းကို လုပ် နိုင်မှာ ဖြစ်ကြောင်း တွေကို ပြောပြ ခဲ့ပြီး၊ ဘယ်လိုရည်ရွယ် ပြီး ဟောတယ်ဆိုတာ ကိုလဲ သဘောပေါက် ကြောင်းတွေကို ပြောပါတယ်။

ဆရာတော်ကြီးက အာဏာ ရှိသူက အာဏာကို ဝေမျှလို့ အတူပူးပေါင်း ဆောင်ရွက် တာမျိုး ဟာလဲ ဒါနထဲ အကျုံးဝင် တယ်ဆိုပြီး လောကီ ရေးနဲ့ ပါဆက်စပ်လို့ မိန့်ကြား သွားကြောင်း လဲ ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစုက ဦးခင်မောင်ဆွေ ကတော့ တရားရဲ့ အဓိပ္ပါယ် အရ နိုင်ငံရေး ဘက်က ကြည့်ရင် အားလုံး ခေါင်းဆောင် ပီသစွာနဲ့ ညီညွတ်ရေးကို စုပေါင်း လုပ်ဖို့လို့ ဖွင့်ဆိုလို့ ရမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဆရာတော်က ခေါင်းဆောင် အားလုံး ညီညွတ်ဖို့ ဟောပေမယ့် အာဏာရ ပါတီနဲ့ အတိုက်အခံ အင်အားစုတွေကို တရက် စီခွဲ ပြီး ဖိတ်တဲ့ အပေါ်မှာတော့ ဒေါ်သန်းသန်းနု က တော့ ပိုပြီး တော့တောင် ကောင်းတယ်လို့ မြင်ကြောင်း နဲ့ အဲဒီလို သီးသန့် ဖြစ်တာကို ပိုပြီး နှစ်သက် ကြောင်းတွေကို ပြောပါတယ်။