တာလီဘန်နဲ့ ကန် ဆွေးနွေးပွဲ ခါဇိုင်း အတည်ပြု

  • 19 ဇွန် 2011
Taliban ဓာတ်ပုံ မူပိုင် b
Image caption အာဖဂန် စစ်ပွဲ ဆယ်နှစ် ရှိလာချိန်ထိ အဖြေ ပြတ်ပြတ် သားသား မရှိသေး

တာလီဘန်နဲ့ အမေရိကန် စစ်ဘက် ဆိုင်ရာက ပုဂ္ဂိုလ်တွေ စ စကားပြော နေပြီလို့ အာဖဂန် သမ္မတ ဟာမစ် ခါဇိုင်းက အတည်ပြု ပြောကြားလိုက် ပါတယ်။

ဟာမစ် ခါဇိုင်း ပြောပြီး နာရီပိုင်း အကြာမှာ ကာဘူးမြို့ သမ္မတ အိမ်တော်နားက ရဲစခန်း တခုကို အသေခံ ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပြီး လူ ကိုးယောက် သေဆုံးခဲ့ပါတယ်။

နောက်ပိုင်းမှာ တာလီဘန်က ဒီ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုဟာ သူတို့ လက်ချက်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

တကယ်တော့ ခုလ အစောပိုင်းကကို အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စက တာလီဘန်က အကြမ်းဖက် လုပ်ရပ်တွေကို စွန့်လွှတ်တာကို တရားဝင် ထုတ်ပြန် ကြေညာ ရင် တာလီဘန်နဲ့ နိုင်ငံရေး စကား ပြောဆိုမှုတွေ လုပ်လာနိုင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တကယ်တမ်း စကားပြောနေပြီ ဆိုတာကို ခု အာဖဂန် သမ္မတရဲ့ ကြေညာချက်မှာ ပထမဆုံး အကြိမ် အဖြစ် တရားဝင် ဝန်ခံ အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းထောက် တွန်ဘားရစ်ချ ဝါရှင်တန် ဒီစီကနေ အစောပိုင်းက သတင်းပေး ပို့ထားတာကတော့ အိမ်ဖြူတော် ဆီကရော၊ နိုင်ငံခြားရေး ဝန်ကြီးဌာနကပါ ခါဇိုင်း ကြေညာချက်နဲ့ ပတ်သက်ပြီး ဘာမှ မပြောသေးဘူး ဆိုပါတယ်။

ဟာမစ်ခါဇိုင်း ခုလို ထုတ်ပြောလာတာကို အမေရိကန်တွေ ကိုယ်တိုင် တွက်ထားသလား ဆိုတာကိုက ပြောရခက်ပါတယ်။

ဒါပေမယ့် ၂၀၀၉ ခုနှစ် ကတည်းက အမေရိကန် သမ္မတ အိုဘားမားက တာလီဘန်ထဲက တချို့နဲ့ စကားချင် ပြောနိုင်တာကို အရိပ်အမြွက် ပြောထားပြီးသားပါ။

ဒါပေမယ့် ခုသီတင်းပတ်တွေမှာ တွေ့လာရတာက အမေရိကန် အာဏာပိုင်တွေက တာလီဘန်နဲ့ စကားပြောဖို့ စဉ်းစားချက်ကို လူသိရှင်ကြား ထုတ်ပြောလာကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လက အိုဘားမားနဲ့ ဘီဘီစီ အင်တာဗျူးမှာ အာဖဂန်က စစ်ပွဲ အဆုံးသတ်ရေးနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ရှင်းရှင်း လင်းလင်း ထုတ်ပြော လာပါတယ်။

တာလီဘန်နဲ့ စကားပြောဖို့ အတွက် အရေးကြီးတဲ့ ကနဦး လိုအပ်ချက် တခုကတော့ တာလီဘန်ဘက်က အယ်ခိုင်ဒါနဲ့ လမ်းခွဲပြီ ဆိုတာကို တရားဝင် ကြေညာဖို့ ဖြစ်ပါတယ်။

တာလီဘန်ဘက်က အဲ့သလို ကြေညာလာပြီ ဆိုရင် အမေရိကန် အစိုးရ အနေနဲ့ တာလီဘန်နဲ့ စကားပြောဖို့ ကိစ္စကို သူ့ပြည်သူလူထုကို ရှင်းပြရ လွယ်သွားနိုင်တယ်လို့ ဘီဘီစီ သတင်း ထောက်က မှတ်ချက် ပေးပါတယ်။

တာလီဘန်ဟာ ၂၀၀၁ ခုနှစ် အာဖဂန် စစ်ပွဲ မစခင် ကတည်းက အာဖဂန် နစ္စတန်မှာ အော်စမာ ဘင်လာဒင်နဲ့ အယ်ခိုင်ဒါကို လက်ခံထားတာမို့ တာလီဘန်နဲ့ စကားပြော နေရင်တောင် အမေရိကန်တွေ အနေနဲ့ ဒါကို လူသိရှင်ကြား ၀န်ခံဖို့ ခက်ပါလိမ့်မယ်။

တဘက်မှာ ခု အာဖဂန် စစ်ဆင်ရေးဟာ ဆယ်နှစ် ရှိလာတဲ့ အချိန်မှာ ပြတ်ပြတ်သားသား အဖြေ တခုခု မထွက်ဘဲ ဇာတ်မျောကြီး ဖြစ်နေတဲ့ အတွက် အမေရိကန် ပြည်သူတွေ ကြားမှာ ဒီစစ်ပွဲကို စိတ်ကုန်လာပုံ ရှိပြီး အမေရိကန် စစ်သားတွေကို အိမ်ပြန်ခေါ်ဖို့ တောင်းဆိုသူတွေ ပိုပို များလာနေပါတယ်။

ဒီတော့ တာလီဘန်ထဲက တချို့နဲ့ စကားပြောလာခြင်းအားဖြင့် ပိုပြီး အစွန်းရောက်သူတွေနဲ့ အမြင် နည်းနည်း ပျော့ပြောင်း သူတွေကို ခွဲထုတ်နိုင်မယ်ဆိုရင်တော့ ဒါကို လက်ခံဖွယ်ရှိတဲ့ ဖြေရှင်းနည်း အဖြစ် မြင်ကြနိုင်တယ်လို့ တွမ်ဘားရစ်ချက ဝါရှင်တန် ဒီစီကနေ သတင်း ပေးပို့ထားပါတယ်။