ငြိမ်းချမ်းပါစေ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်း

  • 19 ဇွန် 2011
ဓာတ်ပုံ မူပိုင် REUTERSSoe Zeya Tun
Image caption မွေးနေ့လက်ဆောင်တွေနဲ့ လူထုကြားက ဒေါ်အောင်ဆန်းစုကြည်

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လောလော ဆယ် မြန်မာနိုင်ငံမှာ စစ်မီးစ ပြန်ပွားနေတဲ့ အခြေအနေကြောင့် အရေးကြီးတာ ငြိမ်းချမ်းရေး ဖြစ်တယ်လို့ ဒီကနေ့ဇွန်လ ၁၉ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် မွေးနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါ တယ်။

နိုင်ငံတနိုင်ငံ တိုးတက်ဖို့ သာယာဖို့အတွက် ပထမဆုံး ငြိမ်းချမ်းဖို့လိုတယ်၊ ဒါကြောင့် သူရဲ့မွေးနေ့ဆုတောင်းက အားလုံး ငြိမ်းချမ်း ကြပါစေဆိုတဲ့ ဆုတောင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အမျိုးသားရင်ကြားစေ့ရေးမှာ ငြိမ်းချမ်းရေးဟာ ပထမခြေလှမ်းဖြစ်တဲ့အတွက် ငြိမ်းချမ်း ရေး အတွက် အားလုံးကူညီကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ ပါတယ်။

လူတဦးချင်း တယောက်ချင်းစီအနေနဲ့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ အတွေးအခေါ်တွေကို ပြုစု ပျိုးထောင်သွားကြမယ်ဆိုရင် မြန်မာနိုင်ငံမှာ သာမက တကမ္ဘာလုံး မှာပါ ငြိမ်းချမ်း ရေး ရနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံအမျိုးသမီးများနေ့နဲ့ပတ်သက်ပြီး ပြောကြားရာမှာတော့ စစ်တွေ၊ အကြမ်းဖက် မှုတွေ ဖြစ်ရင် အများဆုံး ဒဏ်ခံရတာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ဖြစ်လို့ အမျိုးသမီးများဟာ အမျိုးသားတွေထက် ငြိမ်းချမ်းရေး ဘယ်လောက် လိုအပ်တယ်ဆိုတာ သဘောပေါက်ကြတယ်လို့ ပြောပါတယ်။

ဒီကနေ့ မွေးနေ့ပွဲဟာ မွေးနေ့အတော်များများကို အိမ်ချုပ်ကာလအတွင်း တဦးတည်း ကျင်းပ ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကလွတ်မြောက်ပြီး ပထမဆုံး ကိုယ်တိုင် တက်ရောက် ကျင်းပနိုင်တဲ့ မွေးနေ့လဲဖြစ်ပါတယ်။

ဒီကနေ့ အမျိုးသားဒီမိုကရေစီချုပ် ရုံးချုပ်မှာ ဒေါ်အောင်ဆန်စုကြည်မွေးနေ့ပွဲနဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အခမ်းအနားကို နိုင်ငံခြားသံတမန်များနဲ့အတူ လူ ၁၀၀၀ ကျော် တက် ရောက်ခဲ့ကြပြီး လူပေါင်း၂၀၀၀ လောက် NLD ရုံးပြင်ပမှာ လာရောက် ကြိုဆိုနှုတ်ခွန်း ဆက်ခဲ့ကြတယ်လို့ NLD ပြန်ကြားရေးအဖွဲ့ဝင် ဦးအုံးကြိုင်က ပြောပါတယ်။

အခမ်းအနားမှာ သီချင်းအဆိုပြိုင်ပွဲလည်း ကျင်းပခဲ့ပြီး စမ်းချောင်းမြို့နယ် လူငယ်တွေက အမောဖြေပါ အမေ ဆိုတဲ့ သီချင်းနဲ့ ပထမဆုရသွားတယ်လို့ သိရပါတယ်။

ကေအိုင်အေဌာနချုပ်မှာလဲ ဒေါ်စုမွေးနေ့ပွဲ ကျင်းပ

Image caption ဒေါ်စုမွေးနေ့ဆုတောင်းလွှာ လက်မှတ်ထိုးတဲ့ ကေအိုင်အေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်

အခုလောလောအစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကချင် လွတ်လပ်ရေးတပ်မတော် ကေအိုင်အေရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမှာလဲ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အခမ်းအနားနဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ အခမ်းအနားကို ကျင်းပခဲ့ရာမှာ ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော်နဲ့ ကေအိုင်အေ အရာရှိကြီးတွေတက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုတောင်းလွှာကို လက်မှတ်ရေးထိုးခဲ့ ကြတယ်လို့ သိရပါတယ်။

ဒီအခမ်းအနားကို လိုင်ဇာဒေသခံတွေ အမျိုးသမီးအဖွဲ့တွေ စုစုပေါင် လူ ၁၅၀ နီးပါး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာအနှံ့အပြားမှာ ဒေါ်စုမွေးနေ့ပွဲတွေ ကျင်းပ

Image caption ဘင်္ဂလားဒေ့နယ်စပ်က ဒေါ်စုမွေးနေ့ပွဲ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အခမ်း အနားတွေကို မြန်မာ နိုင်ငံအနှံ့ အပြားမှာ NLD အဖွဲ့ဝင်တွေက ကျင်းပခဲ့သလို အိန္ဒိယ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်မြန်မာ နယ်စပ် အပါအဝင် နေရာအများ ပြားမှာ ကျင်းပခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံလန်ဒန်မြို့က သာသနရံသီ ဝိဟာရမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနားကို ကျင်းပခဲ့ပြီး ဘာသာပေါင်းစုံ ဆုမွန်ကောင်းတောင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။