အိန္ဒိယဝန်ကြီး မြန်မာပြည် လာမယ်

  • 20 ဇွန် 2011
krishna ဓာတ်ပုံ မူပိုင် BBC World Service
Image caption နိုင်ငံခြားရေး ဝန်ကြီး အက်စ် အမ် ခရစ်ရှနား

မြန်မာနိုင်ငံနဲ့ စီးပွားရေးနဲ့ မဟာဗျူဟာ မြောက် ဆက်ဆံရေး တွေ အတွက် ဆွေးနွေးဖို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး အက်စ် အမ် ခရစ် ရှနား ဟာ တနင်္လာနေ့ မှာ မြန်မာ နိုင်ငံကို ရောက်ရှိလာ မှာ ဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်ဟာ ၂ ရက် ကြာမြင့်မှာ ဖြစ်တယ်လို့ အိန္ဒိယ အကြီး တန်း အရာရှိ တဦး ပြောပါတယ်။

ဒီ ခရီးစဉ် ဟာ မြန်မာ နိုင်ငံမှာ စစ်တပ် က နှစ်ပေါင်း ၅၀ နီးပါး အုပ်စိုး နေရာကနေ ပြီးခဲ့တဲ့ လက အုပ်ချုပ်ရေး အာဏာ ကို အရပ်သား အစိုးရသစ် ကို လွှဲပြောင်း ပြီးနောက်ပိုင်း အိန္ဒိယ ဘက်ကနေ အရာရှိကြီး အဆင့် ပထမ ဆုံး အကြိမ် မြန်မာနိုင်ငံ ကို လာရောက် တဲ့ ခရီးစဉ် လဲ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ် တွေရဲ့ အလယ်ပိုင်းက စလို့ အိန္ဒိယ နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ လုံခြုံရေး၊ စွမ်းအင်ရေးရာနဲ့ ဗျူဟာမြောက် ဆက်ဆံရေး တွေနဲ့ ပတ်သက်လို့ နီးကပ်စွာ ဆက်ဆံ ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ အနေနဲ့ မြန်မာနဲ့ နယ်စပ် တလျှောက် မှာ ကြုံတွေ့နေရတဲ့ ခွဲထွက် ရေး သမားတွေ ကို နှိမ်နင်းဖို့ မြန်မာ စစ်ဘက် ရဲ့ အကူအညီ ကို လဲ လိုအပ်နေသလို မြန်မာ နိုင်ငံရဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ တွေနဲ့ ရေအား လျှပ်စစ် ထုတ်လုပ်ရေး တွေကိုလဲ စိတ်ဝင် စားနေတာ ဖြစ်ပါတယ်။

နောက်ပြီး မြန်မာ နိုင်ငံ အပေါ်မှာ တရုပ်ရဲ့ လွှမ်းမိုးမှု ပိုများလာနေတဲ့ အပေါ်မှာလဲ ဟန့်တားနိုင်ဖို့ အတွက် ဖြစ်ပါတယ်။