ကုလ အတွင်းရေးမှူးချုပ်ရာထူး Ban Ki-moon ပြန်ရ

  • 22 ဇွန် 2011
ban ki-moon ဓာတ်ပုံ မူပိုင် Getty
Image caption ပေါင်းကူးတံတား အဖြစ် ဆောင်ရွက်သွားမယ် လို့ Ban Ki-moon ကတိပြု

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရာထူး နောက်ထပ် ၅နှစ် သက်တမ်းအတွက် မစ္စတာ Ban Ki-moon ပြန်လည် အရွေးခံလိုက် ရပါတယ်။

သူ ပြန်အရွေးခံရမယ်ဆိုတာကို အတော်များများ က မျှော်လင့်ထားကြပြီး နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တညီတညွတ်ထဲ မဲခွဲ အတည်ပြုခဲ့ကြတာပါ။

သူ့ရဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဒုတိယ သက်တမ်းက ၂၀၁၂ ခုနှစ် ဇန္နဝါရီလ တစ်ရက်နေ့မှ တရားဝင် စတင်မှာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ပြီးဆုံးမှာပါ။

Ban Ki-moon က ရာသီဥတု ပြောင်းလဲလာနေမှုကိစ္စကို သူ့ရဲ့ ဦးစားပေး ဆောင်ရွက်မဲ့ ကိစ္စအဖြစ် ထုတ်ဖေါ် ကြေညာသွားပါတယ်။

တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်းတဦးဖြစ်တဲ့ အသက် ၆၇နှစ် အရွယ် Ban Ki-moon ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရာထူးကို ၂၀၀၇ ခုနှစ် ဇန္နဝါရီလ တုန်းက Kofi Anan ထံက လွှဲပြောင်းယူခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရာထူး စရခါစတုန်းက ၂၀၀၃ခုနှစ် အီရတ် စစ်ပွဲ ကြောင့် သဘောကွဲလွဲမှုတွေ ရှိခဲ့အပြီးမှာ လုံခြုံရေးကောင်စီတွင်းက အင်အားကြီး နိုင်ငံတွေက သူ့လို မထင်မရှား ပုဂ္ဂိုလ်တဦးကို ဒီရာထူး ပေးချင်ပုံရခဲ့ကြပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့ မထင်မရှား ချဉ်းကပ် ဆောင်ရွက် ပုံတွေကြောင့် တခါ တရံ ဝေဖန် ပြောဆိုခံခဲ့ရပါတယ်။

တရုတ် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်Liu Xiaobo အကျဉ်းကျ ခံခဲ့ရတဲ့ ကိစ္စမှာ တရုတ် အစိုးရအပေါ်လူသိရှင်ကြား ရပ်တည် ဝေဖန်တာမျိုး မလုပ်ခဲ့တဲ့အတွက်လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရပါတယ်။

ဒါပေမဲ့ မကြာသေးခင်ကတော့ အရှေ့ အလယ်ပိုင်း နဲ့ မြောက် အာဖရိက ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီ တောင်းဆို လှုပ်ရှားမှုတွေကို ထောက်ခံကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။