ဂရိ အစိုးရပေါ် အယုံကြည် မရှိ အဆို ရှုံးနိမ့်

Greece ဓာတ်ပုံ မူပိုင် AP
Image caption ဂရိ သမ္မတ အိမ်တော်ရှေ့

အသုံးစရိတ် လျှော့ချ ဖြတ်တောက်ရေး အစီ အမံတွေကြောင့် လူကြိုက် နည်းနေတဲ့ လက်ရှိ ဂရိ အစိုးရပေါ် အယုံအကြည် မရှိ အဆိုကို မဲခွဲရာမှာ အဆို အရေးနိမ့်ခဲ့ ပါတယ်။

အယုံအကြည် မရှိအဆိုကို ထောက်ခံသူ ၁၄၃ မဲ ရှိပြီး ကန့်ကွက်သူက ၁၅၅ မဲ ရှိတာမို့ အစိုးရက ၁၂ မဲနဲ့ အနိုင် ရခဲ့ပါတယ်။

ဥရောပ သမဂ္ဂရဲ့ ဘဏ္ဍာရေး အကူအညီ ဆက်ယူနိုင်ဖို့ ဂရိ အစိုးရ အနေနဲ့ အီးယူက ချပေး ထားတဲ့ အသုံးစရိတ် ဖြတ်တောက်ရေး အစီအမံတွေကို အကောင် အထည် ဖော်ရမှာ ဖြစ်ပါတယ်။

အီးယူရဲ့ အစီ အမံတွေကို ဂရိ လွှတ်တော်မှာ ရှေ့သီတင်းပတ်မှာ မဲခွဲမှာ ဖြစ်ပြီး မနေ့က အယုံအကြည် မရှိ အဆိုသာ အနိုင် ရသွားရင် အီးယူရဲ့ အစီအမံတွေ အကောင် အထည် ပေါ်လာတော့မှာ မဟုတ်တော့ပါဘူး။

တဘက်မှာ လက်ရှိ အစိုးရက အယုံအကြည် မရှိ အဆိုကို အနိုင် ရခဲ့ပေမယ့်လည်း ရှေ့အပတ် အီးယူရဲ့ အသုံးစရိတ် လျှော့ချရေး အစီအမံတွေ ထောက်ခံမှု ရမယ်လို့ အာမ မခံနိုင်သေးပါဘူး။

အထူးသဖြင့် အယုံအကြည် မရှိ အဆိုက ၁၂ မဲနဲ့ပဲ ကပ် ရှုံးသွားတာမို့ ရှေ့အပတ် မဲခွဲတဲ့ အခါ အစိုးရ အစီအစဉ်တွေ အနိုင်ရဖို့ အာမ မခံနိုင် သေးပါဘူး။

အီးယူက ဂရိ အစိုးရကို အတင်း လက်ခံခိုင်းနေတဲ့ ခြိုးခြံ ချွေတာရေး အစီအမံတွေ ထဲမှာ အခွန် တိုးကောက်တာတွေ၊ အများ ပြည်သူနဲ့ ဆိုင်တဲ့ ကဏ္ဍတွေမှာ အသုံး စရိတ် ဖြတ် တောက်တာတွေ ပါဝင်ပြီး အစိုးရပိုင်တွေကို ပုဂ္ဂလိက ကဏ္ဍကို ထိုးရောင်းဖို့တို့ ပါဝင်ပါတယ်။

အဲဒိအတွက် ဂရိ နိုင်ငံသားတွေက အကြီးအကျယ် မကျေမနပ် ဖြစ်ပြီး လွှတ်တော်ရှေ့မှာ နေ့စဉ် လိုလို ဆန္ဒ ပြနေပါတယ်။

ပြောခဲ့သလို အစိုးရက အယုံအကြည် မရှိ အဆိုကို အနိုင်ယူ နိုင်ခဲ့ပေမယ့် ရှေ့အပတ်မှာ အစိုးရရဲ့ အစီအမံတွေ လွှတ်တော်မှာ အရေးနိမ့်နိုင်တာမို့ ဂရိ ဒေဝါလီ ခံရနိုင်တဲ့ ဖြစ်နိုင် ချေက ရှိနေပါသေးတယ်။

ဂရိ အစိုးရဟာ ကြွေးလည်ပင်း ခိုက်နေပြီး ဘယ်ကမှ ပိုက်ဆံ ချေးလို့ မရတဲ့ အဆုံး အီးယူနဲ့ အိုင်အမ်အက်ဖက ထုတ်ပေးတဲ့ ငွေနဲ့ နေ့စဉ် လုပ်ငန်းတွေကို ဆက်လည်ပတ် နေရပါတယ်။

အီးယူနဲ့ အိုင်အမ်အက်ဖက ချပေးထားတဲ့ အစီအမံတွေ အတိုင်း မလုပ်နိုင်ရင် ဂရိဟာ ငွေလုံးဝ ပြတ်သွားပြီး ကျိန်းသေ ဒေဝါလီ ခံရမှာ ဖြစ်ပါတယ်။

နောက်ဆုံး ရှေ့အပတ်မှာ ဒီအစီ အမံတွေ ကျလာရင်တောင် ဂရိ ပြည်သူ လူထုက ဒီအစီ အမံတွေကို အပြင်း အထန် ဆန့်ကျင် နေတာမို့ လက်တွေ့မှာ အကောင်အထည် ဖော်ဖို့ ခက်လိမ့်မယ်လို့ ဘီဘီစီ သတင်းထောက် အင်ဒရူး ဝေါကာက အေသင်ကနေ သတင်းပေးပို့ ထားပါတယ်။