ဂရိငွေကြေးအကြပ်အတည်းမှာ လူတွေ ဆန္ဒပြနေကြ

  • 21 ဇွန် 2011
Greece ဓာတ်ပုံ မူပိုင် AP
Image caption ဂရိအစိုးရရဲ့အစီအမံတွေကို ဆန့်ကျင် ဆန္ဒပြသူများ

စီးပွားရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ ဂရိအစိုးရရဲ့ ခြိုးခြံချွေတာရေး အစီ အမံတွေကို ဆန့်ကျင်တဲ့ နောက်ထပ် လူထုဆန္ဒပြပွဲတစ်ခု ဂရိမှာ လုပ်နေကြ ပါတယ်။

ဂရိဟာ ပြည်ပကနေ ဒေါ်လာ သန်းထောင်နဲ့ချီပြီး ချေးထားတဲ့ ငွေတွေကိုလည်း ပြန်မဆပ်နိုင်မယ့် အနေအထားရောက်လုလု ဖြစ်နေပါတယ်။

ဥရောပ ယူရိုဇုံနိုင်ငံတွေနဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) ကလည်း ဂရိအနေနဲ့ နောက် ၂ ပတ်အတွင်း အစိုးရ အသုံးစရိတ်လျော့ချရေး အစီအစဉ်တွေကို သဘောတူမှသာလျှင် အရေးပေါ် ငွေထုတ်ချေးမယ့် အကူအညီတွေ ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂရိမှာ အခုဆိုရင် အစိုးရရဲ့ ဘဏ္ဍာရေးအကြပ်အတည်းကိုင်တွယ်ပုံနဲ့ ဘဏ္ဍာရေးတင်းကျပ်တဲ့အစီအမံတွေကို လူတွေက မကျေမနပ် ဆန္ဒပြနေတာ သတင်းပတ်တွေ ကြာနေပါပြီ။

ဒါပေမယ့် ဂရိပါလီမန်အတွင်းမှာတော့ အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ရှိပြီး အစိုးရကတော့ အနိုင်ရဖို့ အနေအထားရှိနေဆဲ ဖြစ်တယ်လို့ အေသင်မြို့မှာရှိတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။