သတင်းထောက် အူစမန်နော့ဖ် လွတ်မြောက်ရေး

  • 22 ဇွန် 2011
ဓာတ်ပုံ မူပိုင် bbc
Image caption သတင်းထောက် အူရင်ဗွိုင်း အူစမန်နော့ဖ်

တာဂျစ်ကစ္စတန်နိုင်ငံမှာ အစိုးရက ဖမ်း ထားတဲ့ ဘီဘီစီသတင်းထောက် အူရင်ဗွိုင်း အူစမန်နော့ဖ် ကို လွတ်ပေးဖို့ အတွက် လန်ဒန် မှာ ရှိတဲ့ ဘီဘီစီ သတင်း ထောက် တွေ က ဆန္ဒပြု တောင်း ဆို ခဲ့ကြ ပါတယ်။

လန်ဒန်မြို့က ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်ရဲ့ ရုံးချုပ်ဖြစ်တဲ့ Bush House အဆောက်အအုံ ရှေ့မှာ သတင်းထောက် ရာဂဏန်း လောက် ဟာ သတင်းထောက် အူရင်ဗွိုင်း အူစမန်နော့ဖ် ရဲ့ ဓာတ်ပုံတွေ ကိုင်ပြီး သူ့ ရဲ့ လွတ်မြောက်ရေး အတွက် ဆုတောင်း ဆန္ဒပြု ခဲ့ကြ ပါတယ်။

ဒီ ဆုတောင်း ဆန္ဒပြုပွဲ ကို မစ္စတာ အူစမန်နော့ဖ် ရဲ့ အာရှ အလယ်ပိုင်း ဌာနက လုပ်ဖော် ကိုင်ဖက်တွေ၊ ဘီဘီစီ ကမ္ဘာ့သတင်းဆိုင်ရာ အကြီးအကဲ ပီတာ ဟော့ရော့စ်၊ နောက် ဂါဇာမှာ အဖမ်းခံခဲ့ ရဘူးတဲ့ ဘီဘီစီ သတင်း ထောက် အလန် ဂျွန်ဆင် အပါအဝင် ဘီဘီစီ သတင်း ထောက် တွေ တက်ရောက် ကြ ပါ တယ်။

အသက် ၆၀ နီးပါး ရှိနေပြီ ဖြစ်တဲ့ မစ္စတာ အူစမန်နော့ဖ် ဟာ ဘီဘီစီ အာရှ အလယ်ပိုင်း ဌာနမှာ သတင်းထောက် အဖြစ် အလုပ်လုပ်တာ ၁၀ နှစ်လောက် ရှိ ပါပြီ။

ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကတော့ တာဂျစ် အစိုးရက တရားမဝင် အစ္စလာမ် စစ်သွေးကြွ အဖွဲ့တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ ဟစ်စဘွတ် တာရီယာ အသင်း မှာ ပါဝင် ပတ်သက်မှု ရှိတယ်ဆိုပြီး သူ့ကို ဖမ်းဆီးကာ စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။

သူ အဖမ်းခံရစဉ်အတွင်း နှိပ်စက် ညှင်းပန်းမှု တွေ ရှိတယ် လို့လည်း သူ့ရဲ့ ဆွေမျိုး မိသားစု ဝင် တွေက ပြောပါတယ်။

ဘီဘီစီ ဘက် ကတော့ ဒီ စွဲချက် ဟာ အခြေအမြစ် မရှိဘူးလို့ တုံ့ပြန်ထား ပါတယ်။

ဘီဘီစီရဲ့ အာရှ ပစိဖိတ် ဒေသ ဆိုင်ရာ အကြီးအကဲ မစ္စတာ ဘေရုဇ် အာဖတ် က သတင်းထောက် အူစမန်နော့ဖ်ဟာ စစ်သွေးကြွ အဖွဲ့ဝင်လို့ ဆိုနိုင်တဲ့ အထောက် အထား ဘာမှ မတွေ့ရ ပါဘူး၊ သတင်းထောက် ဆိုတာက လူမျိုးစုံ နဲ့ ဆက်သွယ် အင်တာဗျူးတွေ လုပ်ရ သလို အမြင် အမျိုးမျိုးကို တင်ပြ ရတဲ့ သဘာဝ ရှိတဲ့ အတွက် သတင်း ထောက် မစ္စတာ Usmonov က လည်း ဒီအဖွဲ့ နဲ့ ဆက်သွယ် အင်တာဗျူးတွေ လုပ်တယ် ဆိုတာ ကလည်း သတင်းထောက် တစ်ယောက် လုပ်သင့် တာတွေ ကိုပဲ လုပ်ခဲ့ တာ ဖြစ်တယ် လို့ပြော ပါတယ်။

ဒီလိုမျိုး ဘီဘီစီရုံးရဲ့ ရှေ့မှာ ဆုတောင်း ဆန္ဒပြုပွဲတွေ လုပ်သလို မကြာခင်ကလည်း ဘီဘီစီ သတင်းထောက်တွေက လန်ဒန်မှာ ရှိတဲ့ တာဂျစ် ကစ္စတန် သံရုံး ရှေ့မှာ လည်း သွားရောက် ပြီး သတင်းထောက် အူစမန်နော့ဖ် ကို ချက်ချင်း လွှတ်ပေးဖို့ ဆန္ဒပြခဲ့ ကြပါတယ်။