တူရကီ နယ်စပ်မှာ ဆီးရီးယား တပ်တွေ တိုးချ

  • 24 ဇွန် 2011
Image caption နယ်စပ်မှာ တိုးမြှင့်ချထားတဲ့ ဆီးရီးယား စစ်တပ်

ဆီးရီးယား နိုင်ငံမှာ တူရကီ နယ်စပ်တလျှောက် တပ်တွေ တင့်ကားတွေ တိုးမြှင့် ချထားမှုဟာ တကယ့်ကို စိုးရိမ်စရာဘဲလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားလိုက်ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ တူရကီနဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်သလို တူရကီ နိုင်ငံထဲ ပြေးဝင်ခိုလှုံ ကြတဲ့ ဆီးရီးယား ဒုက္ခသည်တွေ အတွက်လည်း အန္တရယ် များတယ်လို့ ဆိုပါတယ်။

တူရကီ နယ်စပ် ဖက်က မျက်မြင် သက်သေတွေ အပြောအရ ဆီးရီးယား စစ်သားတွေဟာ Khirbet al Jouz ရွာထဲမှာ ကင်းလှဲ့နေပြီး ခေါင်မိုးတွေပေါ်မှာ လည်း လက်ဖြောင့် တပ်သားတွေက နေရာယူထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်သားတွေက သူတို့ စခန်းတွေကို ဖျက်ဆီးပြီး ဆန္ဒပြမှုမှာ စည်းရုံး ဦးဆောင်သူတွေကို ဖမ်းဆီး လိမ့်မယ်ဆိုတဲ့ ကြောက်ရွံ့ စိုးရိမ်မှုတွေကြောင့် ရာထောင်ချီတဲ့ ဆီးရီးယား ဒုက္ခသည်တွေဟာ စခန်းက သံဆူးကြိုး ဝါယာ တွေကို ဖြတ်ကျော်ကာ တူရကီ နိုင်ငံ အတွင်းကို ဝင်လာနေကြတာ ဖြစ်ပါတယ်။