အိုင်ဝေဝေ အပေါ် ကန့်သတ်ချက် အသစ်တွေ

  • 24 ဇွန် 2011
Ai Wei Wei ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ်အနုပညာရှင် အိုင်ဝေဝေ

ဗုဒ္ဓဟူးနေ့က ရဲအချုပ်က ပြန်လွတ်လာတဲ့ တရုတ်အနုပညာရှင် အိုင်ဝေဝေအပေါ် အာဏာပိုင်တွေက ကန့်သတ်မှုတွေ အများကြီး လုပ်ထား ကြောင်းသိလာရပါတယ်။

အိုင်ဝေဝေက သူ မီဒီယာတွေနဲ့ စကားပြောခွင့် မရှိဘူး၊ ဘေဂျင်းမြို့တော် အပြင်ဖက်ကိုလဲ ခွင့်ပြုချက် မရှိပဲ သွားခွင့်မရှိပါဘူးဆိုတာ သူကိုယ်တိုင်က ထုတ်ပြောပြီး ဖြစ်ပါတယ်။

အခုတော့ သူနဲ့ နီးစပ်သူတွေဆီက သိရသမျှ သူဟာ လူမှုဆက်သွယ်ရေး ကွန်ယက် တွစ်တာကိုလဲ သုံးခွင့်မရှိဘူးလို့ သိရပါတယ်။

အိုင်ဝေဝေရဲ့ တွစ်တာ စာမျက်နှာကလဲ သူ ဖမ်းခံရတဲ့ ဧပြီလကတဲက ရပ်နေခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကန့်သတ်မှုတွေကို ကြည့်ရင် တရုတ်အစိုးရဟာ အိုင်ဝေဝေကို စီးပွားရေး ပြစ်မှုတွေ နဲ့ ထိန်းသိမ်းခဲ့တယ်ဆိုတာ ဟုတ်ရဲ့လားလို့ သတင်းသမားတွေက မေးခွန်းထုတ်နေကြပါတယ်။

အနုပညာရှင် အိုင်ဝေဝေဟာ အစိုးရကို ဝေဖန်ရာမှာ ထင်ရှားသူ တယောက်လဲ ဖြစ်ပါတယ်။