ရဝမ်ဒါ ဝန်ကြီးဟောင်းအမျိုးသမီး ထောင်ဒဏ်တသက်ကျ

  • 24 ဇွန် 2011

ရဝမ်ဒါမှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ အပြစ်ရှိကြောင်း ပထမဆုံး အမျိုးသမီးတဦးကို စီရင်ချက်ချခဲ့ ပါပြီ။ သူကတော့ အမျိုးသမီးနဲ့ မိသားစုရေးရာ ဝန်ကြီးဟောင်း Pauline Nyiramasuhuko ပါ။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမျိုးသမီးတွေကို အဓမ္မကျင့်နိုင်အောင် စီစဉ်ပေးမှု၊ လူ အစုလိုက် သတ်ဖြတ်မှုတွေနဲ့ ပြစ်ဒဏ်စီရင်ခံရ

ရဝမ်ဒါဆိုင်ရာ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးက သူဟာ ၁၉၉၄ ခုနှစ် တွတ်စီနဲ့ ဟူတူ လူမျိုးရေး သတ်ဖြတ်မှုတွေ ဖြစ်နေတုန်းက တောင်ပိုင်း ဘူတာရီဒေသမှာ လူတွေ အစုလိုက်ကို သတ်ဖြတ်နိုင်အောင် နဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်နိုင်အောင် ကူညီ စီစဉ်ပေးခဲ့တယ်လို့ ဆုံးဖြတ်ပြီး ထောင်ဒဏ် တသက် ချမှတ်လိုက်ပါတယ်။

သူ့ရဲ့ သားလဲ အလားတူ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင် နေရပါတယ်။

ဆေးရုံတရုံပေါ်မှာ ရှိတဲ့ တွတ်ဆီလူမျိုးတွေကို ဖမ်းဆီးသုတ်သင်ခဲ့တဲ့ ဖြစ်ရပ် တခုနဲ့ ပတ်သက်ပြီး အဲဒီ အဖြစ် အပျက်မှာ အသက်မသေဘဲ ကျန်ရစ်သူတယောက်က တရားရုံးမှာ သက်သေ အဖြစ် ထွက်ဆို ခဲ့ပါတယ်။

"ကျမတို့ ပုန်းနေတဲ့ ဆေးရုံကို ပေါ်လင်းနဲ့ သူ့သား ရှလွန်းတို့က ပစ်မှတ်ထားခဲ့ကြပါတယ်။ အဲဒီနေ့က ရှလွန်းက ကားနဲ့ ရောက်လာပြီး ခေါ်ထုတ်မယ့်သူတွေကို ရွေးပါတယ်။ ကျမက ခေါင်းမှာ အဝတ်နဲ့ အုပ်ထားလို့ လွတ်သွားခဲ့ပါတယ်။ ကျမကို ဘယ်သူကမှလည်း သတိမထားမိကြပါဘူး။

ကျမနဲ့ တခြားတယောက်ကလွဲပြီး ကျန်တဲ့ လူပေါင်း ၃၀၀၀ လောက်ကို သူတို့ ခေါ်သွားခဲ့ပါတယ်။

အားလုံးကို ကားပေါ်တင်ပြီးတဲ့အချိန်မှာ ပေါ်လင်းနဲ့ ဒေသအာဏာပိုင်တွေရောက်လာကြပြီး ပေါ်လင်းက အားလုံးကို ရှင်းပစ်လိုက်လို့ ပြောပါတယ်"

ပေါ်လင်းဟာ သတ်ဖြတ်မှုတွေသာမက အဓမ္မ ပြုကျင့်မှုတွေမှာပါ ကိုယ်ထိလက်ရောက် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption လူပေါင်း ရှစ်သိန်းကျော် သေဆုံးခဲ့

ဘူတာရီ ဒေသမှာ လမ်းပေါ်မှာ သံဆူးကြိုးတွေပိတ်ထားတဲ့ နေရာကနေ သူက ရပ်ပြီး သူ့သားနဲ့ ကျန်တဲ့ စစ်သားတွေက အနိုင်ကျင့်စော်ကားဖို့အတွက် မိန်းကလေးတွေကို သူကိုယ်တိုင် ရွေးချယ်ပေးခဲ့တယ်လို့ လည်း ဆိုပါတယ်။

ရဝမ်ဒါ သတ်ဖြတ်မှုတွေတုန်းက တွတ်စီ လူမျိုး အများစုနဲ့ သဘောထား ပျော့ပြောင်းတဲ့ ဟူတူတွေပါ လူ ရှစ်သိန်းလောက် အသတ်ခံခဲ့ရပါတယ်။

ရဝမ်ဒါမှာ အသားရောင် နည်းနည်းဖျော့တဲ့တွတ်ဆီနွယ်ဝင် လူမည်းတွေနဲ့ အသားရောင်ပိုမည်းတဲ့ ဟူတူနွယ်ဝင် လူမည်းတွေကြားမှာ နိုင်ငံရေး အာဏာ လွန်ဆွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အဲဒီအချိန်က အာဏာရ ဟူတူ အစိုးရက တွတ်ဆီတွေနဲ့ တွတ်ဆီတွေဘက်က ကရုဏာသက် စာနာကြတဲ့ ဟူတူတွေကို သတ်ဖြတ်ခဲ့ရာမှာ လူပေါင်း ၈သိန်း ကျော် သေဆုံးခဲ့ပါတယ်။