အာဖဂန်ဆေးရုံဗုံးကိစ္စတာလီဘန်ငြင်း

  • 26 ဇွန် 2011

_afganistan_blas ဓာတ်ပုံ မူပိုင် AP
Image caption ဆေးရုံမှ အပျက်အဆီးများ

အာဖဂန် နစ္စတန် နိုင်ငံ အရှေ့ပိုင်းက ဆေးရုံတခု ကို ကားဗုံးခွဲ ပြီး တိုက်ခိုက် ခဲ့တာ သူတို့ လက်ချက် မဟုတ်ဘူးလို့ တာလီဘန် တွေ ဘက်က ငြင်းဆန် လိုက်ပါတယ်။

လိုဂါ ပြည်နယ် ထဲမှာ ဖြစ်ပွား ခဲ့တဲ့ ဒီ တိုက်ခိုက် မှုကြောင့် လူပေါင်း ၂၇ ဦး ထက် မနည်း သေဆုံး ခဲ့ရပြီး အဲဒီ ထဲက အများ စုက သားဖွားဆောင် ထဲမှာ ရှိနေ သူတွေ ဖြစ်ပါတယ်။

အဲဒီ သေဆုံး ခဲ့သူတွေ အထဲမှာ အမျိုးသမီး နဲ့ ကလေး သူငယ် တွေ လဲ ပါဝင် သလို ဆရာဝန် နဲ့ သူနာ ပြုတွေ လဲ ပါဝင် ပါတယ်။ ဒဏ်ရာ ရသူ တွေလဲ ၁၀၀ ကျော်လောက် ရှိတယ်လို့ သိရ ပါတယ်။ အစိုးရ ဘက်က ထုတ်ပြန် ချက် ထဲမှာ တော့ ဒီဆေးရုံ တခုလုံး ပျက်ဆီး သွားခဲ့ တယ်လို့ ဆိုထား ပါတယ်။

တာလီဘန် တွေဘက် ကတော့ သူတို့ဟာ အရပ်ဘက် ပြည်သူ တွေကို ပစ်မှတ် မထား ကြောင်းနဲ့ ဒီ တိုက်ခိုက် မှုကို လုပ်ခဲ့ သူတွေ ဟာလဲ သူတို့ကို နာမည် ပျက် အောင် လုပ်ဖို့ ကြိုးစား ကြတာ ဖြစ်တယ် လို့ ဆိုလိုက် ပါတယ်။

တာလီဘန် ပြောခွင့် ရသူ ဖြစ်တဲ့ ဇာဘီအူလာ မူဂျာဟစ် က ဘီဘီစီကို အခုလို ပြောကြား ခဲ့ပါတယ်။ သူက ဒါဟာ အင်မတန် ထိတ်လန့် စရာ ကောင်းတဲ့ တိုက်ခိုက်မှု ဖြစ်ကြောင်း၊ သူတို့တွေ ဒီကိစ္စ မှာ မပါ ကြောင်းနဲ့ ဒါဟာ အသေခံ ဗုံးခွဲ တိုက်တာ မဟုတ် ကြောင်း ဆိုပါတယ်။ ဆက်လက် ပြီး ပြောကြား ရာမှာတော့ ဒီလုပ်ရပ်ဟာ အာဖဂန် အာဏာပိုင် တွေ ဒါမှ မဟုတ် နိုင်ငံခြား တပ်ဖွဲ့တွေ ရဲ့ တာလီဘန်ကို သိက္ခာ ကျအောင် လုပ်တဲ့ တိုက်ခိုက်မှု ဖြစ်နိုင် ကြောင်း တွေ ကို ပြောကြား သွား ပါတယ်။

အာဖဂန် ကျန်းမာရေး ဝန်ကြီး ဌာန ကတော့ ဒီစစ်သွေးကြွ တွေဟာ ဆေးရုံ တွေကို တိုက် ခိုက် တဲ့အထိတောင် အတင့်ရဲ လာနေပြီ လို့ ဆိုလိုက် ပါတယ်။

အာဖဂန် ထောက်လှမ်းရေး ကတော့ ဒီ ဆေးရုံဟာ ဗုံးသမားရဲ့ ရည်ရွယ် ထားတဲ့ ပစ်မှတ် မဖြစ် နိုင်လောက် ဘူးလို့ ဆိုထားပါတယ်။ ဒီလူက သူ့ကို ရဲက လာပြီး တားဆီးတဲ့ အချိန် မှာမှ အခုလို ဖောက်ခွဲ ပစ်ခဲ့တာ လို့ သိရပါတယ်။