လစ်ဗျား ဘောလုံးသမားတွေ ဘက်ပြောင်း

  • 25 ဇွန် 2011
Image caption လစ်ဗျားဂိုးသမား ဂျူးမားနဲ့ နည်းပြ ဘင်အစ္စာ

လစ်ဗျားနိုင်ငံ အမျိုးသား လက်ရွေးစင်ဘောလုံးအသင်းမှာ လက်ရှိကစားနေတဲ့ ဘောလုံးသမား ၄ ဦးအပါအဝင် လစ်ဗျားဘောလုံးလောက လူသိထင်ရှားသူ စုစုပေါင်း ၁၇ ဦးတို့ဟာ ဗိုလ်မှူးကြီး ကဒါဖီရဲ့ အစိုးရကို ဆန့်ကျင်သူတွေနဲ့ ပူးပေါင်းခဲ့ကြပါတယ်။

အဲဒီလို ပူးပေါင်းခဲ့သူတွေထဲမှာ လက်ရွေးစင်အသင်းက ဂိုးသမား ဂျူမာ ဂတက်နဲ့ ထရီပိုလီ ထိပ်တန်း ကလပ်အသင်းတခုဖြစ်တဲ့ အဲလ် အက်လေအသင်းရဲ့ နည်းပြဆရာ အဒယ် ဘင် အစ္စာလည်း ပါဝင်ပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီအနေနဲ့ လစ်ဗျားနိုင်ငံသစ်မှာ ပြည်သူတွေကို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွင်ရွင် နေထိုင်ခွင့်ပေးသင့်တယ် ၊ အနှောင့်အယှက် မပြုသင့်တော့ဘူးလို့ ဂိုးသမားဂျူမာက ဘီဘီစီနဲ့သီးသန့်မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

ထရီပိုလီ အဲလ် အက်လေဘောလုံး အသင်းနည်းပြ ဘင်အစ္စာကလည်း ကဒါဖီရဲ့ နာမည်ကိုတောင် မကြားချင်တော့ဘူးလို့ ဆိုပါတယ်။

ဘောလုံးအားကစားကို နှစ်ခြိုက်အားပေးတဲ့ လစ်ဗျားနိုင်ငံမှာ အခုလို ဘောလုံးသမားတွေ အစိုးရ ဆန့်ကျင်သူတွေဘက် ကို ပူးပေါင်းလာခဲ့တာဟာ အစိုးရ ဆန့်ကျင်သူတွေအတွက် ဝါဒဖြန့်လို့ အလွန်ကောင်းတဲ့ ကိစ္စတရပ် ဖြစ်ပေမဲ့ အစိုးရ အတွက် အလွန်အထိနာစေတဲ့ ဖြစ်ရပ်လို့ လစ်ဗျားမှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လူထုရဲ့ သဘောထားကို ဘောလုံးသမားတွေက ထင်ဟတ်ဖေါ်ပြခဲ့ပေမဲ့ ကဒါဖီအစိုးရကို ဖယ်ရှားနိုင်ဖို့ဆိုရင် အစိုးရဆန့်ကျင်သူတွေအနေနဲ့ စစ်ရေးအရ အနိုင်ရအောင် တိုက်ဖို့ လိုလိမ့်မယ်လို့ ဘီဘီစီသတင်းထောက်က သုံးသပ်ပါတယ်။