ကြွေးမြီ ပြဿနာနဲ့ ဥရောပ နိုင်ငံတွေကို တရုတ်ကူမယ်

  • 26 ဇွန် 2011
ဓာတ်ပုံ မူပိုင်
Image caption တရုတ် ဝန်ကြီးချုပ် Wen Jiabao

ဘဏ္ဍာရေး အကြပ်ရိုက်နေတဲ့ ဥရောပ နိုင်ငံတွေကို နိုင်သလောက် တရုတ်နိုင်ငံက ကူညီမယ်လို့ ဝန်ကြီးချုပ် ဝမ်ကြားပေါင်က ပြောကြားလိုက်ပါတယ်။

ယူရို ငွေကြေးသုံး နိုင်ငံတွေ အပေါ် ယုံကြည်မှု ရှိကြောင်း ပြသတဲ့ အနေနဲ့ တချို့ ဥရောပ နိုင်ငံတွေရဲ့ အစိုးရ ငွေတိုက် စာချုပ်တွေကို ဝယ်ပြီး တရုတ်က ရင်းနှီး မြုပ်နှံမယ့် အကြောင်း ဗြိတိန်ကို ရောက်ခိုက် ဘီဘီစီ နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ မစ္စတာ ဝမ်ဂျားပေါင်က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေး ပိုငွေ ပြနေမှုဟာ ကမ္ဘာ့ စီးပွားရေး တည်ငြိမ်မှု အတွက် အနှောက်အယှက် ဖြစ်စေတာကို မစ္စတာ ဝမ်က အသိအမှတ်ပြု ပြောကြားခဲ့ပြီး တရုတ် နိုင်ငံတွင်း ဝယ်လိုအားကို မြှင့်တင်ကာ သွင်းကုန် ပိုသွင်းဖို့ ကြိုးစားခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

ဘာမင်ဂန်မြို့က မော်တော်ကား ထုတ်လုပ်တဲ့ စက်ရုံမှာ မစ္စတာ ဝမ် သွားရောက် ကြည့်ရှုနေတုန်း စက်ရုံ အပြင်ဘက်မှာ တရုတ်အစိုးရ ထောက်ခံသူတွေက တဖက် ၊ အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင်သူတွေက တဖက် အလံတွေ ကိုင်ဆောင် ဝှေ့ယမ်း ဆန္ဒပြခဲ့ ကြပါတယ်။