တရုတ်ဝန်ကြီးချုပ် ဗြိတိန်ခရီးစဉ် စတင်

  • 26 ဇွန် 2011
Image caption မစ္စတာဝမ်ဟာ ကမ္ဘာကျော် ပြဇာတ်ရေးဆရာ ဝီလျံရှိတ်စပီးယားရဲ့ မွေးရပ်ကိုလည်းသွားခဲ့

ဗြိတိန်ကို သုံးရက်တာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် လာတဲ့ တရုတ်ဝန်ကြီးချုပ် ဝမ်ဂျားဘောင်ဟာ ဗြိတိန်က ဘာမင်ဂမ် လေဆိပ်ကို ရောက်လာခဲ့ ပြီးနောက် တရုတ်အစိုးရကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေ အပြိုင် ဆန္ဒပြခဲ့ကြ ပါတယ်။

မစ္စတာ ဝမ်ဟာ ဘမင်ဂမ်ကနေ ရှိတ်စပီးယားရဲ့ မွေးရပ်ဖြစ်တဲ့ စထရတ်ဖို့ အေပွန် အေဗွန်မြို့ကို သွားရောက် လည်ပတ်ခဲ့သလို ရှိတ်စပီးယားရဲ့ ပြဇာတ် ကပြဖျော်ဖြေမှု တချို့လည်း ကြည့်ရှုခဲ့ပါတယ်။

နောက်ပြီး ဘာမင်ဂမ်မြို့အနီးမှာ ရှိတဲ့ တရုတ်ကုမ္ပဏီတစ်ခုက ပိုင်တဲ့ MG ကားစက်ရုံကို လည်း သွားရောက်လည်ခဲ့ပါတယ်။ တရုတ်ဟာ ဗြိတိန်မှာ ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ဖို့ စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။

မစ္စတာဝမ်ရဲ့ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ စီးပွားရေးနဲ့ နိုင်ငံရေးကိစ္စတွေ တိုးမြှင့်ဖို့ အဓိက ဆွေးနွေးမှာ ဖြစ်ပေမယ့် လူ့အခွင့်အရေးကိစ္စလည်း ဆွေးနွေးဖွယ် ရှိပါတယ်။

မစ္စတာ၀မ် ဘာမင်ဂမ်လေဆိပ်ကို ရောက်တဲ့အချိန်လောက်မှာပဲ တရုတ်နိုင်ငံက လူ့အခွင့် အရေး လှုပ်ရှားသူ ဟူဂျားကို လွှတ်ပေးလိုက်တဲ့ အကြောင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မစ္စတာ ဟူဂျားဟာ ထောင်ထဲမှာ ၃ နှစ်ခွဲလောက်နေခဲ့ရပါတယ်။ မကြာခင်ရက်ပိုင်းကလည်း တရုတ်အစိုးရကို ဝေဖန်လေ့ရှိတဲ့ နာမည်ကျော် တရုတ်အနုပညာရှင် အိုင်ဝေဝေကိုလည်း လွှတ်ပေးခဲ့ပါတယ်။

မနက်ဖြန် ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ တွေ့တဲ့အခါမှာလည်း တရုတ်နိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို ဗြိတိန်က စိုးရိမ်နေဆဲဆိုတဲ့ အကြောင်းလည်း ထည့်သွင်း ဆွေးနွေးဖွယ် ရှိပါတယ်။