တရုတ်နဲ့ ဗြိတိန် ကုန်သွယ်ရေး တိုးမြှင့်

  • 27 ဇွန် 2011
China UK ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဗြိတိန်နဲ့ တရုတ် ဝန်ကြီးချုပ် နှစ်ဦး တွေ့ဆုံ အပြီး ကုန်သွယ်ရေး သဘောတူညီချက် ကိုကြေညာခဲ့တာပါ

ဗြိတိန်နဲ့ တရုတ်နိုင်ငံ ကုမ္ပဏီတွေ အကြား စတာလင်ပေါင် သန်း ၁၄၀၀ (အမေရိကန်ဒေါ်လာ သန်း ၂၀၀၀) တန်ဖိုးရှိတဲ့ ကုန်သွယ်ရေး သဘော တူညီချက် စာချုပ်တွေကို လက်မှတ် ရေးထိုး လိုက်ကြ ပါတယ်။

ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင် တို့ လန်ဒန်မြို့မှာ တွေ့ဆုံ စကားပြောခဲ့ ပြီးတဲ့နောက် ဒီကြေညာချက် ထွက်ပေါ် လာခဲ့တာပါ။

တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်က တရုတ်နဲ့ ဗြိတိန်တို့ဟာ တဖက်နဲ့တဖက် တန်းတူ သဘောထား ဆက်ဆံပြီး လူ့အခွင့်အရေး ကိစ္စရပ်တွေ မှာလည်း သူ့အဆိုအရ လက်ညှိုးထိုး အပြစ်တင် နေတာထက် ပူးပေါင်း ဆောင်ရွက် တာတွေကို ပိုလုပ် သင့်ကြောင်း ပြောသွား ခဲ့ပါတယ်။

နှစ်ဖက် သဘောထား ကွဲပြားမှု တွေကို ဆွေးနွေး ဖြေရှင်းခြင်း အားဖြင့် နှစ်ဖက် နားလည်မှု ရအောင် ပိုလုပ်ဖို့ လိုတယ် လို့လည်း သူက ဆိုခဲ့ ပါတယ်။

တရုတ် နိုင်ငံ ဖက်က ချစ်ကြည်ရေး အထိမ်းအမှတ် အဖြစ် အီဒင်ဗာရာ တိရိစ္ဆာန်ရုံ အတွက် ပန်ဒါ ဝက်ဝံ နှစ်ကောင်ကို လက်ဆောင် ပေးမယ် လို့လည်း ဝန်ကြီးချုပ် ဝမ်ကြားပေါင်က ပြောပါတယ်။