အသက်အန္တရာယ်ကြောင့် အာဖဂန် ဘဏ်အကြီးအကဲ ရာထူးကထွက်

  • 28 ဇွန် 2011
Fitrat ဓာတ်ပုံ မူပိုင် AP
Image caption ငွေ အလွဲသုံးသူတွေရဲ့ အမည်တွေကို မစ္စတာ Fitrat လူသိရှင်ကြား ထုတ်ပြောခဲ့

အာဖဂန်နစ္စတန်နိုင်ငံမှာ ဒေါ်လာ သန်း ငါးရာဖိုး ငွေအလွဲသုံးမှုကိစ္စ ကို စစ်ဆေး စုံစမ်းနေတဲ့ အာဖဂန် ဗဟိုဘဏ် အုပ်ချုပ် ရေးမှူး Abdul Qadeer Fitrat က သူ ရာထူး ကနေ နှုတ်ထွက်လိုက်ပြီလို့ ပြောပါတယ်။

ကာဘူးလ်ဘဏ် ကြီး ပြိုပျက် သွားရတဲ့ ငွေအလွဲသုံးစားမှု ပြဿနာမှာ လက်သည် တရားခံတွေ ပေါ်နိုင်ရေး သူ့ရဲ့ ကြိုးပမ်းမှုတွေကို အစိုးရက ဝင်ရောက် စွက်ဖက်တာတွေ ရှိနေတယ် လို့ မစ္စတာ Fitrat က ပြောပါတယ်။

သမ္မတ Hamid Karzai ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Waheed Omar ကတော့ မစ္စတာ Fitrat ရာထူးက နှုတ်ထွက်တာဟာ နိုင်ငံတော် ပုန်ကန်တာနဲ့ အတူတူပဲ ဖြစ်တယ်လို့ ပြောပါတယ်။

မစ္စတာ Fitrat ကိုယ်တိုင် ဒီအမှုမှာ အစစ်ဆေးခံနေရတယ်လို့လည်း ဖြည့်စွက် ပြောသွား ပါတယ်။

အဲဒီ ငွေအလွဲသုံးမှု ပြဿနာကြောင့် မနှစ်တုန်းက ပုဂ္ဂလိကပိုင် ကာဘူးလ် ဘဏ်ကြီး ပြိုပျက်လု နီးပါး ဖြစ်ခဲ့ရပါတယ်။

စက်တင်ဘာလတုန်းက ငွေကြေးအကူအညီပေးပြီး ပြန်ကယ်ဆယ်ခဲ့ရတဲ့ အဲဒီ ဘဏ်ဟာ မလျော်ကန်တဲ့ ချေးငွေ ဒေါ်လာ သန်း ရာပေါင်းများစွာ လုပ်ခဲ့ပါတယ်။

ဒီပြဿနာမှာ ပါဝင် ပတ်သက်နေသူတွေကို အပြည့်အဝ စုံစမ်း စစ်ဆေးမယ်လို့ အာဖဂန် သမ္မတ Karzai က အစောပိုင်းတုန်းက ပြောပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံကနေ အမေရိကန်နိုင်ငံကို ရောက်နေတဲ့ မစ္စတာ Fitrat က ဒီ ဘဏ်ငွေ အလွဲသုံးစားမှု ပြဿနာမှာ တာဝန်ရှိသူ တချို့ဟာ ဘယ်သူ ဘယ်ဝါ ဆိုတာကို ပါလီမာန်ကို ထုတ်ဖေါ် ပြောခဲ့ အပြီးမှာ သူ့ကို အသက်အန္တရာယ်ပြုဖို့ ဝိုင်းဝန်း ကြံစည်တာ ကို ရင်ဆိုင်နေရတယ်လို့ မစ္စတာ Fitrat က ဘီဘီစီကို ပြောပါတယ်။

ဒီ ပြဿနာမှာ ပါဝင် ပတ်သက်နေတယ် ဆိုတဲ့ ပါလီမာန် ထိပ်တန်း ပုဂ္ဂိုလ်တွေရဲ့ အမည်တွေ ကို မစ္စတာ Fitrat က လွန်ခဲ့တဲ့ ၂လ တုန်းက လူသိရှင်ကြား ထုတ်ဖေါ် ပြောခဲ့ပါတယ်။