ဂရိနိုင်ငံမှာ အထွေထွေသပိတ်မှောက်

  • 28 ဇွန် 2011
Greece ဓာတ်ပုံ မူပိုင် BBC World Service

ဂရိ နိုင်ငံမှာ နှစ်ရက်တာ အထွေထွေ သပိတ် မှောက်တဲ့ အတွက် နိုင်ငံ တွင်းက အစိုးရ ရုံးတွေနဲ့ လုပ်ငန်း အများစုဟာ ရပ်တန့် သွားခဲ့ ပါတယ်။

သပိတ် မှောက်ကြ သူတွေဟာ ဗုဒ္ဓဟူး နေ့မှာ အစိုးရက နောက်ထပ် ခြိုးခြံ ခြွေတာရေး အစီအမံ တွေကို ပါလီမန်မှာ မဲခွဲ ဆုံးဖြတ်မဲ့ အရေးကို ဆန့်ကျင် ကန့်ကွက် နေကြ တာပါ။

သင်္ဘောဆိပ်တွေ၊ ရထား ဘူတာရုံတွေ၊ ကားဂိတ်တွေ၊ လေဆိပ်တွေ နဲ့ ဘဏ်တွေ ကို ပိတ်ထားပါတယ်။

ဆေးရုံ တွေမှာလည်း ကျန်းမာရေး ဝန်ထမ်း အနည်းငယ်ပဲ ရှိပါတယ်။

အေသင် မြို့လယ်က လူငယ်တွေရဲ့ ဆန္ဒပြမှု တွေကို ဖြိုခွဲဖို့ အတွက် ရဲ တွေက မျက်ရည်ယိုဗုံး သုံးခဲ့ ပါတယ်။

ပါလီမန် ရှေ့မှာလည်း လူ ထောင်နဲ့ ချီပြီး စုရုံး ဆန္ဒပြ နေကြ ပါတယ်။

ဂရိဝန်ကြီးချုပ် ဂျော့ချ် ပါပန်ဒွေး ကတော့ တကယ်လို့ အစိုးရ ဘက်က ခြိုးခြံ ခြွေတာရေး အစီအမံ လုပ်ဖို့ အရေး နိမ့်ခဲ့ရင် တိုင်းပြည်ဟာ ရက်ပိုင်း အတွင်း ဘဏ္ဍာငွေ ပြတ်တောက်မှု ကြုံရမယ်လို့ သတိပေး ပြောခဲ့ ပါတယ်။

ဂရိအစိုးရ ကနောက်ထပ် ချေးငွေတွေ ထပ်ပြီး ရရှိနိုင်ရေး အတွက် လိုအပ်တဲ့ ချွေတာရေး ဆောင်ရွက်မှုတွေ လုပ်ပါမယ်လို့ မြီရှင်တွေကို ကတိ ပေးထားပြီး သားပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂရိ အစိုးရဟာ မကြာသေးခင် ကမှ အယုံအကြည် မရှိ အဆိုကို နိုင်ခဲ့တာပါ

အဲဒီထဲမှာ ပါတဲ့ အစိုးရ အသုံး စားရိတ်တွေ လျှော့ချ ဖြတ်တောက်ရေး၊ အခွန် တိုးကောက်ရေး နဲ့၊ နိုင်ငံပိုင် ပစ္စည်းတွေ ပုဂ္ဂလိက လက်ထဲ လွှဲပြောင်း ရောင်းချရေး အစီအစဉ် တွေကို ပါလီမန်က အတည်ပြု ပေးဖို့ အတွက် အခု တင်ပြ ထားပါတယ်။

ဂရိ နိုင်ငံက လိုအပ်နေတဲ့ ယူရိုငွေ သန်းပေါင်း ၁၂၀၀၀ ကို အရစ်ကျ စံနစ်နဲ့ ထုတ်ချေး ပေးဖို့ အတွက် ဒီအစီအစဉ် တွေကို ဆောင်ရွက်မှ ဖြစ်မယ်လို့ မြီရှင်တွေ ဘက်က သတိ ပေးထား ပါတယ်။

ဒီချေးငွေ တွေကို မရဘူး ဆိုရင် ဂရိနိုင်ငံဟာ ဇူလိုင်နဲ့ သြဂုတ် လတွေမှာ သူ့နိုင်ငံက ပေးစရာ ရှိတဲ့ ကြွေးတွေကို ဆပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီ လို ဖြစ်လာရင် တခြား နိုင်ငံ တွေကိုပါ ဂယက် ရိုက်လာ မှာမို့၊ မြီရှင်တွေ ဘက်က သူတို့ ခြိမ်းခြောက် နေတဲ့ အတိုင်း ငွေထုတ် မချေးဘူး ဆိုတာ ဖြစ်နိုင် ပါ့မလား ဆိုတာလည်း မရှင်းလင်း လှပါဘူး။

ရေရှည် မှာတော့ ဂရိနိုင်ငံဟာ ခုထက်ပိုပြီး အကူအညီတွေ လိုအပ် တယ်လို့ ဥရောပနဲ့ IMF နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့တွေက ယူဆ ကြပါတယ်။

ဂရိရဲ့ လိုနေတဲ့ ငွေတချို့ ကို ဥရောပက ထုတ်ချေး ပေးမှာ ဖြစ်ပေမယ့် ကြွေးဟောင်း ကိုဆပ်ပြီးမှ ကြွေးသစ်ကို ချပေးဖို့ ဥရောပ ဘဏ်တွေက ဂရိအစိုးရနဲ့ ဆွေးနွေး နေပါတယ်။

ဆွေးနွေးမှုမှာ တိုးတက်မှုတွေ ရှိပေမယ့် တကယ် အလုပ် ဖြစ်မယ့် သဘော တူညီချက် ရနိုင်မှာလား ဆိုတာတော့ မသေချာဘူးလို့ ဘီဘီစီစီးပွားရေး ဆိုင်ရာ သတင်းထောက် က ဆိုပါတယ်။