တာလီဘန် တို့ အာဖဂန် က ဟိုတယ် ကို ဘာကြောင့်တိုက်

  • 29 ဇွန် 2011
taliban fighting ဓာတ်ပုံ မူပိုင် BBC World Service
Image caption တာလီဘန် တို့ ဝင်တိုက်တဲ့ ကဘူး က ဟိုတယ်

အာဖဂန် နစ္စတန်နိုင်ငံ ကာဘူး မြို့တော် က လုံခြုံရေးတွေ ထူထူ ထပ်ထပ် ချထားတဲ့ နိုင်ငံတကာ ဟိုတယ်ကြီး တစ်ခုကို တိုက် ခိုက် လိုက်တာဟာ တာလီဘန်တွေ က သူတို့မှာ ဒီလို နေရာမျိုး တွေကို အကြမ်း ဖက် တိုက်ခိုက်ဖို့ စွမ်းဆောင် နိုင်သေးတယ် ဆိုတာ ပြသ လိုက်တာ လို့ ဆိုနိုင်ပါတယ်။

တချိန်တည်းမှာပဲ အာဖဂန်က လုံခြုံရေး တပ်တွေ ရဲ့ စွမ်းဆောင်ရည် အပေါ်မှာလည်း မေးခွန်း ထုတ်စရာတွေ ဖြစ်လာ ပါတယ်။

ဒီ ဟိုတယ် တိုက်ခိုက်မှုကို တန်ပြန် စစ်ဆင်ရေးမှာ အာဖဂန် ရဲ နဲ့ စစ်တပ် ကို နေတိုး တပ် ကနေ ဟယ်လီကော့ပတာ စစ်ကူ ပေးခဲ့ရ တာကလည်း ပါကစ္စတန် ရဲ နဲ့ စစ်တပ်ချည်းပဲ လုပ်ဆောင်ဖို့ စွမ်းဆောင်ရည် မရှိသေးဘူး ဆိုတာ ပြသ လိုက်သလို ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဖြစ်ရပ် ကနေ ဘယ်လို သင်ခန်းစာတွေ ယူနိုင်မလဲ ဆိုတာကို အပြည့်အဝ ကောက် ချက်ချဖို့ကတော့ ဖြစ်စဉ် အသေးစိတ် ကို သိဖို့တော့ လိုပါ သေးတယ်။

လောလောဆယ် တစ်ခု ရှင်းရှင်း သိရတာကတော့ အသေခံ ဗုံးခွဲသမား အနည်းဆုံး တစ်ဦး ကနေပြီးတော့ ဟိုတယ်ထဲ ဝင်ပြီးတော့ ဖောက်ခွဲခဲ့ တာပါ။

ဟိုတယ် ခေါင်မိုးပေါ်ကိုလည်း သေနတ်သမားတွေ တက်လာပြီး လုံခြုံရေး အဖွဲ့ဝင် တွေကို ပစ်ခတ် ခဲ့ ပါသေးတယ်။

အနောက်တိုင်းက ဧည်သည်တွေ နဲ့ အစိုးရ ဝန်ထမ်းတွေကို တာလီဘန်တွေက အဓိက ပစ်မှတ် ထား တိုက်ခိုက် နေသေးတယ် ဆိုတာ လည်း သတိထား ရမယ့် အချက် ဖြစ် ပါတယ်။

ဒီတိုက်ခိုက်မှု ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ လတ်တလော ရိုက်ခတ်မှုအပြင် လောလောဆယ် အာဖဂန် နစ္စတန် နိုင်ငံ က အနေအထား ဟာ အပေးအယူ အလျော့ အတင်း လုပ်ရမယ့် အားစမ်းစရာ ကစားပွဲ တစ်ခုလည်း ဖြစ်နေ ပါတယ်။

နေတိုးတပ် တွေဟာ အခုဆိုရင် တာလီဘန် တွေကို ဖိအားပေး တိုက်ခိုက်မှုတွေ စဉ်ဆက် မပြတ် လုပ်နေ ပါတယ်။

အလယ် အလတ်တန်းလောက် မှာ ရှိတဲ့ တာလီဘန် တပ်မှုး တွေကို သုတ်သင် ချေမှုန်း နေတာနဲ့ တပြိုင်နက်တည်း မှာ တွေ့ဆုံ ဆွေးနွေးရေး က လွဲရင် တခြား အဖြေ မရှိ ဘူး ဆိုတာ ကို ကြေညာရင်း ထိပ်တန်း တာလီဘန် ခေါင်းဆောင် တွေကို စည်းရုံးနေတဲ့ သဘော ရှိပါတယ်။

တာလီဘန် ဘက်ကလည်း သူတို့ဟာ လွယ်လွယ်နဲ့ ချေမှုန်းပစ်လို့ မရ သလို အခုလို အာဖဂန် မြို့တော် ထဲ ဝင်ပြီး တိုက်ခိုက် လိုက်တာက သူတို့ရဲ့ အင်အားက မချိနဲ့ သေးဘူး၊ ခြိမ်းခြောက် နိုင်တဲ့ အနေအထား ရှိသေးတယ် ဆိုတာကို ထုတ်ဖော် ပြသ လိုက်တာလည်း ဖြစ်ပါတယ်။