ကာဘူးလ်မြို့ ဟိုတယ်ကြီး တစ်ခု တိုက်ခိုက်ခံရ

  • 29 ဇွန် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption Intercontinental ဟိုတယ်ကို အနောက် တိုင်းသား တွေ အကြား လူကြိုက်များ

အာဖဂန် နစ္စတန်နိုင်ငံ ကာဘူးလ် မြို့တော် မှာ ထိပ်တန်း ဟိုတယ်ကြီး တစ်ခုကို လက်နက်ကိုင် သူပုန်တွေရဲ့ တိုက်ခိုက်ခံ ခဲ့ရပြီး အပြန်အလှန် ပစ်ခတ်မှုတွေ တညလုံး ဖြစ်ခဲ့ပါတယ်။

အဲဒီ Intercontinental hotel ပေါ်ကို နေတိုး ပူးပေါင်း တပ်ဖွဲ့တွေက ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ နေတိုး အဖွဲ့က ပြောပါတယ်။

ဟိုတယ် ခေါင်မိုးပေါ်ကနေ ပစ်ခတ်နေတဲ့ လက်နက်ကိုင် သူပုန် ၃ဦး သေဆုံးသွားတယ်လို့ နေတိုး ပူးပေါင်း တပ်ဖွဲ့က ပြောပါတယ်။

အခုအခါ နေတိုးတပ်ဖွဲ့တွေ ဟိုတယ်ထဲ ဝင်ရောက်သွားပြီး ဟိုတယ်ထဲက လူတွေအားလုံး ဘေးအန္တရာယ်ကနေ လုံခြုံ စိတ်ချရပြီလို့ ကာဘူးလ်မြို့ရဲချုပ်က ဘီဘီစီကို ပြောပါတယ်။

လေးနာရီကျော်ကြာ တိုက်ပွဲ ဖြစ်ခဲ့အပြီးမှာ လက်နက်ကိုင် သူပုန်တွေ အားလုံး သေဆုံးသွား ပြီလို့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

မနေ့ညနှောင်းပိုင်းလောက်က အသေခံ တိုက်ခိုက်သူ ၃ဦး ဖေါက်ခွဲ ပစ္စည်းတွေနဲ့ အသေခံ ဖေါက်ခွဲ တိုက်ခိုက်ခဲ့ရာကနေ အဲဒီ ဟိုတယ်ကို တိုက်ခိုက်မှုတွေ စတင်ခဲ့တာပါ။

ပစ်ခတ်မှုတွေ အတွင်း အနည်းဆုံး လူ ၁၀ဦး သေဆုံးသွားတယ်လို့ လုံခြုံရေး သတင်း ရပ်ကွက်က ဘီဘီစီကို ပြောပါတယ်။

အဲဒီ ဟိုတယ်မှာ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေ အစည်းအဝေး တစ်ခု လုပ်နေတာကြောင့် အခုလို တိုက်ခိုက်ခဲ့ပုံ ရတယ်လို့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

တာလီဘန် ပြောခွင့်ရ ပုဂ္ဂိုလ် Zabiullah Mujahid က ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာလို့ ဆိုပါတယ်။