ဗြိတိန်က ဆန္ဒပြမှုကြီး

  • 30 ဇွန် 2011

ဗြိတိန် နိုင်ငံမှာ နှစ်ပေါင်း များစွာ အတွင်း ပြည်သူ့ ဝန်ထမ်းတွေရဲ့ အကြီးကျယ်ဆုံး ဆန္ဒပြမှုတွေကို ကြာသပတေး နေ့က ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption ဗြိတိန် လမ်းမကြီးတွေပေါ်က ဆန္ဒ ပြသူ များ

အစိုးရရဲ့ ပင်စင် အပြောင်း အလဲ ဆိုင်ရာ အဆိုပြုချက်ကို မကျေနပ်တဲ့ လူထု ဝန်ဆောင်မှု ကဏ္ဍက အလုပ် သမားတွေ ကန့်ကွက် ဆန္ဒပြကြ တာဖြစ် ပါတယ်။ လန်ဒန် မြို့တော်က ဆန္ဒပြ ချီတက်ပွဲကို လူထု ဝန်ဆောင်မှု ကဏ္ဍ လုပ်သား စုစုပေါင်းရဲ့ ငါးပုံ တစ်ပုံ ဖြစ်တဲ့ အစိုးရ ဝန်ထမ်း ၇ သိန်းခွဲ လောက် ပါဝင် ကြတယ်လို့ အလုပ်သမား သမဂ္ဂ တွေက ပြောပါတယ်။

ဗြိတိန်က တခြား မြို့ကြီးတွေ မှာလည်း အလားတူ စုဝေး ဆန္ဒပြမှုတွေ ရှိနေ ပါတယ်။

ဆန္ဒ ပြပွဲကြီးရဲ့ နောက်ခံ အကြောင်းရင်း

လက်ရှိ အစိုးရနဲ့ အလုပ်သမား သမဂ္ဂတွေ ကြား နှစ်ဘက် ညှိနှိုင်းချက်မှာ ဝန်ထမ်းတွေ အနေနဲ့ အလုပ်ကို နှစ်အတန်ကြာ ပိုလုပ်ပြီး ပင်စင် အတွက် လစဉ် ထည့်သွင်း ရမယ့် အချိုး အစားကို ပိုပေးရပေမယ့် ပင်စင်လစာကျတော့ လျှော့ရမယ့် သဘော ဖြစ်နေတယ်လို့ အလုပ်သမားသမဂ္ဂ တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ထည့်ဝင်ငွေ ပိုပေးပြီး ပင်စင်လစာ နည်းသွား မှာကို မကျေ နပ်ကြ

ဒါဟာ အစိုးရအနေနဲ့ အမေရိကန် ဒေါ်လာ ၁၃၀ ဘီလီယံ အသုံးစရိတ် လျှော့ချမှုကြောင့် သက်ရောက် လာတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။

ပြည်သူ့ ဝန်ထမ်းတွေ အလုပ် မလုပ်တော့ စာသင်ကျောင်းတွေ ပိတ်ပြီး၊ လေဆိပ် အပါအဝင် တိုင်းပြည်တွင်းကို ဝင်ထွက်တဲ့ ရထား ဘူတာနဲ့ ကားဂိတ်တွေ ထိခိုက်မှု ရှိခဲ့ပါတယ်။

စာသင်ကျောင်း ၁၂၀၀၀ ထက် မနည်းကို ပိတ်ခဲ့ရ ပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းရဲ့ ကလေးတွေ တက်နေတဲ့ ကျောင်းက မပိတ်လို့ ကျောင်းသွား ကြပေမဲ့ ဒုတိယ ဝန်ကြီးချုပ် နစ်ကလက်ရဲ့ ကလေးတွေ တက်တဲ့ စာသင် ကျောင်းက ပိတ်တာမို့ သူတို့ ကျောင်းမသွားကြ ဘူးလို့ သိရပါတယ်။

ဟိသရိုး လေဆိပ်ကို ဆိုက်ရောက် လာတဲ့ ခရီးသည်တွေ ကတော့ အများကြီး စောင့်ဆိုင်း ရတာမျိုး မရှိပေမဲ့ နှောင့်နှေး ကြန့်ကြာမှု တွေတော့ ရှိခဲ့ ပါတယ်။

လန်ဒန်က ခွင့်ယူထားတဲ့ ရဲတွေကတော့ ခွင့်ပြန်ရုပ်သိမ်းခံခဲ့ရပြီး လမ်းတွေ ပေါ်မှာ တာဝန်ချ ထားခြင်း ခံခဲ့ ကြရ ပါတယ်။

လန်ဒန် မြို့လယ် မှာတော့ ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေ စီတန်း လှည့်လည်ပြီး အစိုးရကို ကန့်ကွက် ဆန္ဒပြ ခဲ့ကြ ပါတယ်။

အတိုက်အခံ နဲ့ တခြား အဖွဲ့တွေ ကလည်း ပြစ်တင် ဝေဖန်

အတိုက်အခံ လေဘာ ပါတီ ခေါင်းဆောင် အက်ဒ် မီလီဘန်းက သမဂ္ဂ တွေနဲ့ ညှိနှိုင်း ကြတဲ့ ဝန်ကြီးတွေ ဆောင်ရွက်မှု ညံ့ဖျင်းတာကို ပြစ်တင် ပြောကြားခဲ့ ပါတယ်။ အခုလို သပိတ်မှောက်တာကိုလည်း ရှုတ်ချလိုက် ပါတယ်။

နှစ်ဘက် ညှိနှိုင်းမှုတွေ လုပ်နေတုန်း အခုလို သပိတ်မှောက် တာဟာ မှားတယ်လို့ အတိုက်အခံ ခေါင်းဆောင်က တွစ်တာမှာ ရေးသား ပါတယ်။

နှစ်ဘက်စလုံး မကောင်းဘူး၊ အစိုးရ ကလည်း တလွဲတွေ လုပ်နေတယ်လို သူက ဆိုပါတယ်။

နိုင်ငံရေး နဲ့ ဆက်နွယ်မှု မရှိတဲ့ Institute of Directors ရဲ့ညွှန်ချုပ် Miles Templeman ကတော့ ဒီသပိတ် တွေကြောင့် ယူကေ စီးပွားရေးကို ထိခိုက် နိုင်တယ်လို့ ပြော ပါတယ်။

အဖွဲ့ဝင် နှစ်သိန်း ခြောက်သောင်း ပါတဲ့ PCS အဖွဲ့ အထွေထွေ အတွင်းရေးမှူး ကလည်း အစိုးရက ညှိနေတာ မဟုတ်ဘူး၊ ပြောရုံ ပြောနေတာလို့ သုံးသပ် ပါတယ်။

ဘီဘီစီရဲ့ နိုင်ငံရေး အယ်ဒီတာ နစ်ရော့ဘင်ဆင် ကတော့ အစိုးရနဲ့ သမဂ္ဂတွေ နှစ်ဘက် ညှိနှိုင်း နေတုန်းမို့ အဆင် ပြေလာ နိုင်တယ်လို့ သုံးသပ် ပါတယ်။