ဒေါ်စု ဓါတ်ပုံပါ မျက်နှာဖုံး စိစစ်ရေးက ပယ်ချ

  • 30 ဇွန် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ဇူလိုင်လ အတွက် ထုတ်မယ့် ဓမ္မရိပ် ဘာသာရေး မဂ္ဂဇင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ကိုရင်လေး တပါးကို ဆွမ်းလောင်းနေတဲ့ ပုံနဲ့ စာပေစိစစ်ရေး တင်တာကို ခွင့်ပြုချက် မပေးတာကြောင့် တခြားပုံနဲ့ ပြောင်းထုတ် လိုက်ရပါတယ်။

ကိုရင်လေးကို ဒေါ်အောင်ဆန်းစုကြည်က ဆွမ်းလောင်းနေတဲ့ ပုံက ကျက်သရေ ရှိတာကြောင့် ဘာသာရေး မဂ္ဂဇင်း ဖြစ်တဲ့အတွက် လွတ်မယ်ထင်ပြီး စာပေ စိစစ်ရေးကို တင်တာ ဖြစ်ကြောင်း ၊ လက်မခံတဲ့ အတွက် ငုဝါပန်း ဓါတ်ပုံနဲ့ လဲပြီး ပြောင်းပေးလိုက်ရကြောင်း မဂ္ဂဇင်း တာဝန်ခံက ပြောပါတယ်။

အရင်ကတော့ တခြား ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါတာကို ခွင့်ပြုနေတာ တွေ့တာကြောင့် စိစစ်ရေး တင်မိတာလို့ ဆိုပါတယ်။

ရိုးရှင်းပြီး ကျက်သရေ ရှိတဲ့ ပုံကို ဖြုတ်ပေးလိုက်ရတဲ့ အတွက် နှမြောမိတယ်လို မဂ္ဂဇင်းတာဝန်ခံက ပြောပါတယ်။

အစိုးရ သစ်လက်ထက်မှာ စာပေ စိစစ်ရေး မူတွေ ပြောင်းလဲတယ်လို့ မခံစားမိကြောင်း၊ တကယ် အကျိုးရှိမယ့် ကိစ္စတွေ တကယ် လွတ်လွတ်လပ်လပ် ရေးသားမှသာ တကယ် အကျိုးရှိမယ်လို့ ထင်ကြောင်း မဂ္ဂဇင်း တာဝန်ခံ ဦမိုးထွန်းက ဘီဘီစီကို ရှင်းပြခဲ့ပါတယ်။