ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးမှု

  • 30 ဇွန် 2011
Power of Asia
Image caption ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးမှု ဘယ်က အရင်လာသင့်သလဲ

ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်ရဲ့ Power of Asia အာရှ အင်အား အာရှစွမ်းပကား အထူး ထုတ်လွှင့်ချက်တွေရဲ့ တစိတ်တပိုင်း အဖြစ် ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန်ည ၆ နာရီခွဲက Lonndon Stock Exchange မှာ မြန်မာ၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ် ငါးနိုင်ငံက ပညာရှင်တွေ နဲ့ သောတရှင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဘာကို ရွေးကြမလဲ၊ ဘာက အရင်လာရမလဲ လို့ ဆွေးနွေး မေးခွန်းထုတ်ခဲ့ကြပါတယ်။

ပရိသတ်ထဲက မြန်မာ သောတရှင်တဦးက ဒီမိုကရေစီမရှိရင် ဖွံ့ဖြိုးတိုးတက်ရေးဟာ ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ ပြောရာမှာ တရုတ်ပညာရှင် ပါမောက္ခ ဂိုင်းလျူကတော့ အသက်ရှင်ဖို့ အတွက် ရေနဲ့ လေ ဘယ်ဟာ ပိုအရေး ကြီးပါသလဲ လို့ ပြန်မေးသွားပါတယ်။

ဘီဘီစီ အခန်းအနားမှူးက အင်ဒိုနီးရှားနိုင်ငံက ဆိုနီကုမ္ပဏီရဲ့ ဖြစ်ရပ်ကို ဥပမာ ပေးပြီး ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးအကြားမှာ တခုနဲ့ တခု ပဋိပက္ခဖြစ်ရတာမျိုးရှိသလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ ဒီမိုကရေစီ ကျင့်သုံးခွင့်ရှိလာတဲ့ အတွက် အလုပ်သမားတွေက သပိတ်မှောက်ဆန္ဒပြလို့ ဆိုနီကုမ္ပဏီပြန်သွားရတယ်။ ဒီတော့ အလုပ်ရရှိရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အတွက် ဒီမိုကရေစီဟာ ကောင်းသလား ဆိုးသလားလို့ မေးတဲ့ အခါ

အင်ဒိုနီးရှားက ဒေါက်တာ အီတန်ရှား အစ်ခ်ဆမ် က နိုင်ငံရေးစနစ်နဲ့ စီးပွားရေး အောင်မြင်မှုဟာ တကယ်တန်း နီးနီးကပ်ကပ် ဆက်စပ်ချင်မှ ဆက်စပ်မှာပါ။

၁၉၉၇ ခုနှစ် ရှေ့ပိုင်းတုန်းက အင်ဒိုနီးရှားမှာ ရွေးကောက်ပွဲတွေ ဘာတွေ တော့ ရှိပါတယ်။ ဒါပေမဲ့ စစ်တပ်က ထိန်းချုပ်ထားတဲ့ အာဏာရှင်စနစ်ပါပဲ။

၁၉၉၇ နောက်ပိုင်းကျတော့ ပိုပွင့်လင်းတဲ့ ဒီမိုကရေစီ ရှိလာတယ်။ ဒီမိုကရေစီ ရှိလာ တော့ အလုပ်သမားတွေ ဆန္ဒပြခွင့်ရလာတယ်။

အလုပ်သမားတွေက သူတို့ လိုလားချက်တွေ တောင်းဆိုလို့ ရလာတယ်။ အဲဒီတော့ စက်ရုံတွေ ဒေဝါလီခံသွားရတာမျိုးတွေ ဖြစ်လာတယ်။

ဒီတော့ ဒါမျိုးတွေဟာ စီးပွားရေး ဖွံ့ဖြိုးမှုကို နှောင့်နှေးစေတာ အမှန်ပဲ။ ဒီမိုကရေစီဟာ ဖွံ့ဖြိုးမှု အတွက် ကောင်းသလား၊ ဆိုးသလား ဆိုတာ သိပ်မရှင်းလင်းသေးတဲ့ ပြဿနာပါလို့ သူက ပြောသွားပါတယ်။

တရုတ်လူမျိုးပါမောက္ခ ဂိုင်းလျူကတော့ ဒီမိုကရေစီဆိုတာ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိတာကို ပြောတာဖြစ်တယ်။ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ဆိုရာမှာလည်း နိုင်ငံရေး လွတ်လပ်ခွင့်၊ စီးပွားရေး လွတ်လပ်ခွင့် ရယ်လို့ ရှိတယ်လို့ ဆိုပြီး တရုတ်နိုင်ငံမှာ တပါတီ စနစ်ဖြစ်လို့ နိုင်ငံရေးအရ ရွေးခွင့်မရှိပေမဲ့ စီးပွားရေးအဆင့်မှာတော့ ကြိုက်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ခွင့်ရှိတယ်။ အဲဒါဟာ မိုက်ခရိုအဆင့် လွတ်လပ်ခွင့်လို့ သူက ဆိုပါတယ်။ တရုတ်နိုင်ငံမှာ စီးပွားရေးဒီမိုကရေစီ ရှိပါတယ် လို့ သူက ဆိုပါတယ်။

မြန်မာကို ကိုယ်စားပြုပြီးဆွေးနွေးသွားတဲ့ ချင်းလန်းဂါဒီယန်းရဲ့ အယ်ဒီတာဖြစ်ပြီး ကျောင်းသားတယောက်လည်းဖြစ်တဲ့ ဗန်ဗျက်ထန်ကတော့ နိုင်ငံရေးနဲ့ စီးပွားရေး မျှမျှတတ တိုးတက်တာကို သူလိုလားတယ်လို့ ဆိုပါတယ်။ နိုင်ငံအတွင်းမှာလည်း လူတန်းစား ကွာဟချက်နည်းနည်းနဲ့ တန်းတူဖွံ့ဖြိုးတာမျိုးဖြစ်ချင်တယ်လို့ ဆိုသလို အာရှဟာလည်း ညီညီမျှမျှ ဖွံ့ဖြိုးတဲ့ အာရှ ဖြစ်ချင်တယ်လို့ ဆိုပါတယ်။