IMF အကြီးအကဲ ဟောင်း ကို အာမခံ စည်းကမ်း လျှော့ပေး

  • 1 ဇူလိုင် 2011

ဟိုတယ် ဝန်ထမ်း အမျိုးသမီး တစ်ယောက်ကို အဓမ္မ ပြုကျင့်ဖို့ ကြိုးစားတယ်လို့ စွပ်စွဲမှုနဲ့ ပတ်သက်ပြီး နယူးယောက် မြို့မှာ အမှု ရင်ဆိုင်နေရတဲ့ နိုင်ငံ တကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ အကြီး အကဲ ဟောင်း Dominque Strauss Khan ကို နေအိမ် အကျယ်ချုပ် ကနေ ပြန်လွှတ် ပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption တရားရုံး ကနေ ပြုံးရွှင်စွာ ပြန်ထွက်သွား

သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေကို ပိတ်လိုက် တာတော့ မဟုတ်ဘဲ တရားလို ရှေ့နေတွေရဲ့ သဘော တူညီမှု အရ နယူးယောက် နေအိမ် အကျယ်ချုပ် ကနေ သူ့ကို ပြန်လွှတ် ပေးခဲ့တာပါ။

မစ္စတာ ဆထရပ်စ်ခန်းကတော့ တရားရုံးကနေ ပြုံးပြုံး ရွှင်ရွှင်နဲ့ ထွက်ခွါ သွားခဲ့ ပါတယ်။

သူဟာ နယူးယောက်မြို့ကနေ ထွက်ခွါ သွားနိုင်ပေမဲ့ အမေ ရိကန် ပြည်ထောင်စု အတွင်းမှာဘဲ နေရမယ်လို့ သူ့ ရှေ့နေတွေက ပြောပါတယ်။

အဓမ္မ ပြုကျင့်ဖို့ ကြိုးစားတယ်လို့ စွပ်စွဲထားတဲ့ အမျိုးသမီးနဲ့ ပတ်သက်လို့ သက်သေ ထွက်ဆိုချက်တွေကို ယုံကြည်ဖို့ သင့် မသင့် တရားလို ရှေ့နေတွေ မှာ သံသယ ဖြစ်စရာ အချက် အသစ် တွေ ပေါ်ထွက်လာခဲ့ ပြီးတဲ့ မစ္စတာ ခန်းကို အာမခံ စည်းကမ်းတွေ လျှော့ပေးခဲ့တာပါ။

အမှု ဖြစ်နေတဲ့ ဟိုတယ် ဝန်ထမ်း အမျိုးသမီးက မူးယစ် ဆေးဝါး ရောင်းဝယ်မှုနဲ့ ပြစ်ဒဏ် ကျခဲ့ဖူးသူ တစ်ယောက်နဲ့ ပတ်သက်မှု ရှိနေတယ် ဆိုတဲ့ အချက် ပေါ်ထွက် လာခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုကို စွဲတင်ရင် ဘယ်လို အကျိုး အမြတ်တွေ ရလာနိုင်တယ် ဆိုတာ အဲဒီ အမျိုးသမီးနဲ့ မူးယစ်ဆေး အရောင်း အဝယ်သမားတို့ ဆွေးနွေး နေတဲ့ မှတ်တမ်း အသံ တွေ ရှိတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

အမျိုးသမီးရဲ့ ရှေ့နေတွေ ကတော့ မစ္စတာ ခန်းက မတရား ပြုကျင့်ဖို့ ဘယ်လို ကြိုးပမ်းခဲ့တယ် ဆိုတာ နဲ့ ပတ်သက်လို့ သူ့ အမှုသည် ဘက်က ထွက်ဆိုချက် တွေကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

သူ့ရဲ့ ထွက်ဆို ချက်တွေကို အထောက် အပံ့ ပေးနိုင်တဲ့ မှုခင်းဆိုင်ရာ သက်သေ အထောက် အထားတွေ အလုံ အလောက် ရှိတယ်လို့ လည်း အမှု ဖြစ်နေတဲ့ အမျိုးသမီးရဲ့ ရှေ့နေတွေက ပြောပါတယ်။