မစ္စတာ Strauss-Kahn လွတ်မြောက်မှု ပြင်သစ် ကြိုဆို

  • 2 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Getty Images
Image caption အာမခံ မလိုဘဲ ပြန်လွတ်လာတဲ့ Dominique Strauss-Kahn

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က တရားရုံးမှာ ဟော်တယ်ဝန်ထမ်း အမျိုးသမီးကို အဓမ္မ ပြုကျင့်မှုနဲ့ စွပ်စွဲ တိုင်တန်းခံနေရတဲ့ အိုင်အမ်အက်ဖ် ဥက္ကဌဟောင်း Dominique Strauss-Kahn ရဲ့ အမှုကို ပလပ်ဖို့ တရားရေး ဆိုင်ရာ အရာရှိတွေက ပြင်ဆင်နေတယ်လို့ တရားလို ရှေ့နေက ဆိုပါတယ်။

ဒီအမျိုးသမီးဟာ သူမဖက်ကလည်း မှားယွင်း လုပ်ဆောင် ချက်တွေ ရှိကောင်း ရှိနိုင်ပါတယ်လို့ ဆိုပေမယ့် မှုခင်းဆေးပညာ ဆိုင်ရာ တွေ့ရှိချက် အထောက်အထားတွေ အရ အဓမ္မ ပြုကျင့်ခံရကြောင်း ပေါ်လွင်နေ ပါတယ်လို့ တရားလို ရှေ့နေ ကတ်နက် သော်မဆင်က မစ္စတာ စထရောက်စ်ခန်း အိမ်အကျယ်ချုပ်က ပြန်လွတ် ပေးခံ ရပြီးနောက် ပြောကြား လိုက်ပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ် ဆိုတဲ့ အခင်းဖြစ်ပွားပြီး မကြာခင် တရားသူကြီးတွေကို လိမ်လည် ပြောဆိုခဲ့မိပါတယ်လို့ အဲဒီ ဟော်တယ်ဝန်ထမ်း အမျိုးသမီးက ဝန်ခံပြောကြားခဲ့တာကြောင့် သူမရဲ့ ထွက်ဆိုချက်တွေအပေါ် သံသယ ဖြစ်မှုတွေ တိုးပွားလာ နေပါတယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

တရားရုံးက ဒိုမနစ် စထရောက်စ်ခန်း ကို အိမ်ချုပ်က ပြန်လွှတ်ပေးလိုက်တာကြောင့် ပြင်သစ် အစိုးရ အတိုက်အခံ ဆိုရှယ်လစ် ပါတီက ဒါကို ကြိုဆိုလိုက်ပါတယ်။

ဒီသတင်းကြောင့် အကြီးအကျယ် စိတ်သက်သာမှု ရခဲ့တယ်လို့ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် Benoît Hamon က ပြောပါတယ်။

မစ္စတာ စထရောက်စ်ခန်းဟာ ပြင်သစ် သမ္မတ ရွေးကောက်ပွဲမှာ အဓိက နေရာကနေ ပါဝင် လှုပ်ရှား လာနိုင်တယ်လို့ ဆိုရှယ်လစ် ပါတီ အမတ် Jean-Marie Le Guen က ဆိုပါတယ်။