ထိုင်းရွေးကောက်ပွဲမှာ အတိုက်အခံ အနိုင်ရနေ

  • 3 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ယင်လက်ဟာ ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာတော့မှာပါ

ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝစ်ချာချီဝါ့က အထွေထွေ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ပြီ ဖြစ်ကြောင်းကို ဝန်ခံ ပြောကြားလိုက် ပါတယ်။

ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ရှင်နာဝပ်ရဲ့ ညီမ ဖြစ်သူ ယင်လက်ရှင်နာဝပ် ခေါင်းဆောင်တဲ့ အတိုက်အခံ ဖူရက်ထိုင်း ပါတီက ရွေးကောက်ပွဲ မှာ အမတ်နေရာ ၂၅၈ နေရာ အများစုနဲ့ အနိုင် ရရှိ နေပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်က စစ်တပ်ကအာဏာသိမ်းကာ မစ္စတာတပ်ဆင်ကို ရာထူးက ဖြုတ်ချပြီး နောက် အခုတော့ တပ်ဆင်ရဲ့ ညီမဖြစ်သူ အတိုက်အခံခေါင်းဆောင် ယင်လက် ရှင်နာဝပ်ဟာ ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ အဖိဆစ်ရဲ့ ဒီမိုကရက် ပါတီဟာ အမတ် နေရာ ၁၆၂ နေရာပဲရရှိထားပါတယ်

ရွေးကောက်ပွဲ မဲဆွဲစည်းရုံးစဉ်ကာလကတော့ လက်ရှိဝန်ကြီးချုပ်နဲ့ အတိုက်အခံ ယင်လက် တို့ဟာ ခါးသီးလှတဲ့ နိုင်ငံရေး အကွဲအပြဲ ဖြစ်နေတာတွေကို ကုစားဖို့ လိုအပ်တယ်ဆိုအတဲ့ အချက်အပေါ်အခြေခံပြီး စည်းရုံးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ရာ လူပေါင်း ၉၀ ကျော်သေဆုံးခဲ့ ရပါတယ်။

ဒူဘိုင်းမှာ တိမ်ရှောင်းနေတဲ့ အရင်ဝန်ကြီးချုပ်ဟောင်း တပ်ဆင် ရှင်နာဝပ်ကတော့ ထိုင်းပြည်သူတွေအနေနဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားပြန်လဲရင်ကြားစေ့ရေးအတွက် မဲပေးခဲ့ကြပြီလို့ ပြောကြားလိုက်ပါတယ်။

ထိုင်းပြည်သူတွေအတွက် သူ့အနေနဲ့ အများကြီး ဂုဏ်ယူပါကြောင်း သူတို့ဟာ တကယ့်ကို ဒီမိုကရေစီဘက်ကနေ ရပ်တည်ကြကြောင်း မစ္စတာ တပ်ဆင်က ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်းနိုင်ငံကို အစောတလျင် ပြန်သွားမှာ မဟုတ်သေးဘူးလို့ မစ္စတာတပ်ဆင်ပြော

သူ့အနေနဲ့ ထိုင်းနိုင်ငံကို အစောတလျင် ပြန်သွား မှာ မဟုတ်သေးဘူးလို့ ပြောပါတယ်။ ထိုင်းနိုင်ငံ က ပြဿနာတွေ ဖြေရှင်းရေးမှာ သူဟာ ခလုတ် ကန်သင်း မဖြစ်ချင်ပဲ တစိတ်တပိုင်းအနေနဲ့ သူပါဝင်ချင်တယ်လိုလည်း ဆိုပါတယ်။

နောက်ပြီး သူ့ညီမအနေနဲ့ တိုင်းပြည်ကို အုပ်ချုပ် နိုင်မယ့် အရည်အချင်းရှိတယ်လို့ သူယုံကြည် ကြောင်းလည်း ပြောပါတယ်။