ပထမဆုံးထိုင်း အမျိုးသမီး ဝန်ကြီးချုပ်လောင်း

  • 4 ဇူလိုင် 2011
ယင့်လတ် ညွန့်ပေါင်းဖွဲ့ဖို့စည်းဝေး ဓာတ်ပုံ မူပိုင် BBC World Service
Image caption ယင့်လတ် ညွန့်ပေါင်းဖွဲ့ဖို့စည်းဝေး

မစ္စ ယင့်လတ် ဦးဆောင်တဲ့ ဖုအထိုင်း ပါတီ ဖက် က တနင်္ဂနွေနေ့ ရွေးကောက်ပွဲ မှာ ပြိုင်ဖက် လက်ရှိ ဝန်ကြီးချုပ် အဖိဆစ်က သူရှုံးပြီ ဆိုတာ ကို ဝန်ခံ လိုက်ပါတယ်။ ဒါ့အပြင် ထိုင်းစစ်တပ် ကလည်း ရွေးကောက်ပွဲ ရလဒ်ကို သူတို့ လိုက်နာမယ် ဆိုတာ ကို ကြေညာ လိုက်တဲ့အတွက် ယင့်လတ် ဟာ ထိုင်းနိုင်ငံ သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာတော့မှာ ပါ။

ထိုင်းနိုင်ငံရေး ထဲမှာ သူ့နာမည် ကို ကြားခဲ့ရတာ လွန်ခဲ့တဲ့ လပိုင်း အနည်းငယ် ပဲရှိပါသေးတယ်။သူဟာ အရင် က စီးပွားနယ်ပယ် မှာ အောင်မြင်ထားတဲ့ သူ တဦးပါ။

သူ့ အကိုကြီး တက်ဆင်ရှင်နာဝပ်ထောင်ခဲ့တဲ့ ဆက်သွယ်ရေးဆိုင်ရာ AIS ကုမ္ပဏီ ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သလို SC Asset လို့ခေါ်တဲ့ ပိုင်ဆိုင်မှု ဆိုင်ရာ ကုမ္ပဏီ မှာ လည်း ဦးဆောင်ညွှန်ကြားရေးမှူးတာဝန် ယူခဲ့တဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူဟာ နိုင်ငံရေးနဲ့ဆိုင်တဲ့ ဘွဲ့ ၂ခုကိုလည်း ရထားတဲ့သူပါ။

သူတို့ မောင်နှမ ၉ ဦးရှိတဲ့အထဲ မှာအငယ်ဆုံးဖြစ်ပြီး သူ ထိုင်း နိုင်ငံရေးထဲကို ဝင်ဖို့ ဖြစ်လာစေတဲ့ အကြောင်းတွေ အများအပြား ရှိနိုင်ပေမယ့် သူ့အကိုကြီးဖြစ်သူ မစ္စတာ တက်ဆင်ရဲ့ အားပေးမှု ကအဓိကလို့ပြောနိုင်ပါတယ်။

သူကိုယ်တိုင်ကတော့ နိုင်ငံ ကို ရိုးရိုးသားသားကူညီချင်တဲ့ သာမန် အမျိုးသမီး တဦး ပါလို့ ဆိုသလို သူရဲ့ မိသားစု က နိုင်ငံရေးထဲ ပါဝင်ခဲ့တဲ့မိသားစု မို့ နိုင်ငံရေး ကို သင်ကြားသလို ဖြစ်နေခဲ့တယ် လို့ ဆိုပါတယ်။

အခု သူရွေးကောက်ပွဲ မှာ အနိုင်ရ စေခဲ့တဲ့ အကြောင်းတွေက သူ ရွေးကောက်ပွဲ မတိုင်မီ လူထု ကို ကတိပေး မဲဆွယ်ခဲ့တဲ့ ပြန်လည် ရင်ကြားစေ့ရေး ကို လုပ်ဆောင်မယ် ၊ ကုန်စျေးနှုန်းတွေ တစတစ တက်လာပြီး ထိုင်းစီးပွားရေး ကျ နေတာ ကို ပြန်ပြင်ဆင်မယ် ဆိုတဲ့ အပေါ် လူထုရဲ့ စိတ်ဝင်စား မျှော်လင့် မှု ကို ရခဲ့ ပုံပေါ်ပါတယ်။