ဗင်နီဇွဲလားသမ္မတကို သောင်းသောင်းဖျဖျ ကြို

  • 5 ဇူလိုင် 2011
chavez ဓာတ်ပုံ မူပိုင် AFP
Image caption လူအုပ်ကြီးကို သမ္မတ Chavez မိနစ် ၃၀ လောက် မိန့်ခွန်း ပြောခဲ့

ဗင်နီဇွဲလား သမ္မတ Hugo Chavez ဟာ ကင်ဆာ ရောဂါ အတွက် ဆေးကုသမှု ခံယူ နေတဲ့ ကျူးဘားနိုင်ငံ ကနေ ပြန်ရောက် လာခဲ့အပြီးမှာ သူ့ကို နှုတ်ဆက် အားပေး ခဲ့ကြသူ လူထောင်ပေါင်းများစွာကို Caracas မြို့တော် သမ္မတ အိမ်တော် လသာဆောင်ကနေ မိန့်ခွန်း ပြောကြား သွားခဲ့ပါတယ်။

စစ်ယူနီဖေါင်းဝတ်ထားတဲ့ Mr Chavez ဟာ နိုင်ငံတော်သီချင်းကို အစပျိုး သီဆိုခဲ့ပြီး ဘာစာရွက်မှ မပါပဲ မိနစ် ၃၀လောက် မတ်တပ်ရပ်ပြီး လူထုကို လက်တန်း မိန့်ခွန်း ပြောသွားခဲ့ပါတယ်။

သူ့ကို ချစ်ခင်ကြောင်း ပြသတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ ကျန်းမာရေး ပြန်ကောင်း လာအောင် လုပ်ဖို့ သံဓိဋ္ဌာန်ချထားကြောင်း ဒါပေမဲ့ တဆင့်ချင်း တဆင့် ဖြည်းဖြည်း ချင်း လုပ်သွားဖို့ လိုကြောင်း လူအုပ်ကြီးကို Mr Chavez က ပြောသွားပါတယ်။

အင်္ဂါနေ့မှာ ကျင်းပမဲ့ ဗင်နီဇွဲလား နိုင်ငံ နှစ်၂၀၀ ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွေ ကိုတော့ သူတက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဗက်နက်ဇွဲလားနိုင်ငံမှာ သမ္မတ Chavez အချိန်အတော်ကြာ လူထု ရှေ့မှောက်ကနေ ပျောက်နေ ပြီး သူ့ကျန်းမာရေး အခြေအနေကို ကနဦးမှာ ဖုံးဖိထားတဲ့အတွက် မရေမရာ ထင်ကြေးပေး ပြောဆိုမှုတွေ ပေါ်ပေါက်ခဲ့ရပါတယ်။

သူ ကင်ဆာ အကြိတ် ခွဲထုတ်ခဲ့တယ်ဆိုတာကို ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ထုတ်ပြောခဲ့တာပါ။

သမ္မတ Chavez ဟာ ဗင်နီဇွဲလားနိုင်ငံကို အုပ်ချုပ်နေတာ ၁၂ နှစ် ရှိသွားပြီ ဖြစ်ပြီး ၂၀၀၂ ခုနှစ်တုန်းက အာဏာသိမ်းဖို့ ကြံစည်တာ ခံခဲ့ရပေမဲ့ အထမမြောက်ခဲ့ပါဘူး။