ဆူဒန်နားမှာ တရားမဝင် နိုင်ငံခြားသားတွေ ရေနစ်

  • 6 ဇူလိုင် 2011
sudan
Image caption ဆော်ဒီအာရေဗျမှာ တရားမဝင် အလုပ်လုပ်မဲ့ သူတွေ ပင်လယ်နီကနေ ဖြတ်ကြ

ဆော်ဒီ အာရေဗျနိုင်ငံထဲ တရားမဝင် ခိုးဝင်ပြီး အလုပ်လုပ်ကိုင်ဖို့ သွားတဲ့ သူတွေကို သယ်ဆောင်လာတဲ့ မော်တော် ဘုတ်တစင်း ဆူဒန်နိုင်ငံ ကမ်းရိုးတန်း နားက ပင်လယ်နီ ထဲမှာ မီးလောင်ပြီး နစ်မြုပ်သွားရာမှာ အနည်းဆုံး လူ ၁၉၇ဦး ရေနစ်ကုန်တယ်လို့ ဆူဒန်နိုင်ငံက လာတဲ့ သတင်းတွေအရ သိရပါတယ်။

အဲဒီလူတွေဟာ ဆူဒန်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ တွေက လူတွေ ဖြစ်တယ်လို့ Sudanese Media Centre သတင်း ဌာနက ပြောပါတယ်။

အဲဒီ မော်တော်ဘုတ်ဟာ ဘယ်ကနေ စ ထွက်ခွာလာတာလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

အသက်ရှင် ကျန်သူတွေကို ဒေသခံ အာဏာပိုင်တွေ လိုက်လံ ရှာဖွေ ကယ်ဆယ်နေကြောင်းနဲ့ လောလောဆယ်မှာ လူ၃ဦးကိုပဲ ကယ်ဆယ်နိုင်သေးတယ်လို့ ဆိုပါတယ်။

အဲဒီ မော်တော်ဘုတ်ကို ပိုင်တယ်ဆိုတဲ့ ယီမန် လူမျိုး ၄ဦးကို ဖမ်းဆီးထားတယ်လို့လည်း အဲဒီသတင်းဌာန က ပြောပါတယ်။

အဲဒီဒေသမှာ ဆိုမားလီးယားနဲ့ တခြားနိုင်ငံတွေက လူတွေဟာ ဆော်ဒီ အာရေဗျနဲ့ ယီမန် နိုင်ငံတွေထဲ ခိုးဝင် အလုပ်လုပ်ဖို့အတွက် မကြာခဏ ဆိုသလို ပင်လယ်နီ ထဲကနေ ဖြတ်လေ့ ရှိကြတယ်လို့ ဆူဒန်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။