ဖုန်းထဲက သတင်းခိုးမှု နောက်ထပ် စွပ်စွဲချက်တွေထွက်

  • 7 ဇူလိုင် 2011
cameron ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဒီကိစ္စကို ရဲစုံစမ်း စစ်ဆေးမှု အရင် လုပ်ပြီးမှ ရုံးတင် စစ်ဆေးဖို့ ဝန်ကြီးချုပ်က ပြော

ဗြိတိန် နိုင်ငံမှာ ဖုန်းထဲ ခိုးဝင်ပြီး သတင်း အချက်အလက်တွေ ရယူခဲ့တဲ့ အရှုပ်တော်ပုံ ကိစ္စကြီးနဲ့ ပတ်သက်လို့ နောက်ထပ် စွပ်စွဲ ချက်တွေ ပေါ်ထွက်လာပါတယ်။

အီရတ်နဲ့ အာဖဂန် နစ္စတန်စစ်ပွဲတွေမှာ သေဆုံး ခဲ့ကြရတဲ့ ဗြိတိသျှ စစ်သားတွေရဲ့ မိသားစုဝင် တွေ ကိုင်ဆောင်တဲ့ ဖုန်းတွေထဲ News of the World သတင်းစာက ခိုးဝင်ပြီး သတင်း အချက် အလက်တွေ ရယူခဲ့ဘွယ် ရှိကြောင်း ရဲတွေက သတိပေးထားတယ်လို့ သူတို့ရဲ့ ရှေ့နေတွေက ပြောပါတယ်။

ဖုန်းတွေထဲက သတင်း အချက်အလက်တွေ ခိုးယူခဲ့မှုနဲ့ အဲဒီ သတင်းစာရဲ့ ကိုယ်စား ထောင်ကျ သွားတဲ့ အလွတ် ထောက်လှမ်းရေးသမားတဦးရဲ့ ဖိုင်တွဲတွေထဲမှာ ခုန ပြောတဲ့ မိသားစုတွေရဲ့ ဖုန်းနံပါတ်တွေ တွေ့ရတယ်လို့ The Daily Telegraph သတင်းစာထဲမှာ ဖေါ်ပြထားပါတယ်။

News of the World သတင်းစာ ရဲ့ ပင်မ ကုမ္ပဏီကြီးဖြစ်တဲ့ News Corporation ကတော့ ဒီစွပ်စွဲချက်တွေသာ မှန်တယ် ဆိုရင်တော့ အတော့်ကို ထိတ်လန့် ချောက်ချားစရာ ဖြစ်လိမ့် မယ်လို့ ပြောပါတယ်။

ဒီအရှုပ်တော်ပုံ ကိစ္စနဲ့ ပတ်သက်လို့ အရေးပေါ် ညီလာခံတခုကို ဗုဒ္ဓဟူးနေ့က ပါလီမန်မှာ ကျင်းပခဲ့ရာမှာ ဗြိတိန် ဝန်ကြီးချုပ် David Cameron က News International ကုမ္ပဏီကြီး မှာ ရှိတဲ့ အယောက်တိုင်း အနေနဲ့ ရဲရဲ့ စုံစမ်း စစ်ဆေးမှုကို ခံရမှာ ဖြစ်ပြီး အဲဒီလို စစ်ဆေး ရာကနေ ရလာတဲ့ သက်သေ အထောက်အထား တွေကို အခြေခံပြီး လူထု ရှေ့မှောက် ရုံးတင် စစ်ဆေးမှု တခုလုပ်သင့်တယ်လို့ ပြောသွားပါတယ်။

အတိုက်အခံ လေဘာ ပါတီရဲ့ တရားရေး ဝန်ကြီးလည်း ဖြစ်၊ လေဘာ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် လည်းဖြစ်တဲ့ Chris Bryant က ဒီလို ဖုန်းတွေထဲ ခိုးဝင်ပြီး သတင်း အချက်အလက် တွေ ရယူတာဟာ အကျင့်ပျက် လုပ်ရပ်ဖြစ်ပြီး ရိုးသားစိတ် ကင်းမဲ့တဲ့ ထိပ်တန်း အဖွဲ့အစည်း ကြီးတခုရဲ့ ရာဇဝတ် မြောက်လုနီးပါး လုပ်ရပ်တွေ ပါဝင်နေတယ်လို့ ပြောသွားပါတယ်။

News of the World သတင်းစာကြီး အတွက် သတင်း အချက်အလက်တွေ စုံစမ်း ရယူ ပေးခဲ့သူတွေဟာ လူသတ်ခံရတဲ့ ကလေးတွေရဲ့ မိသားစုတွေ ကိုင်တဲ့ မိုဘိုင်း ဖုန်းတွေထဲ ခိုးဝင်ခဲ့ကြတယ်လို့ စွပ်စွဲ ခံထားရတာပါ။