၁၆၈ နှစ်ကြာ ထုတ်ဝေခဲ့တဲ့ News of the World ပိတ်တော့မယ်

  • 8 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Getty Images
Image caption တနင်္ဂနွေ အပတ်စဉ်ထုတ် သတင်းစာ နားပြီ

ဗြိတိန်မှာ သူများ တယ်လီဖုန်းလိုင်းထဲ ခိုးဝင် နားထောင်မှုတွေ လုပ်ခဲ့တဲ့ အရှုပ်တော်ပုံနဲ့ ရင်ဆိုင်နေရတဲ့ News International ကုမ္ပဏီကြီးဟာ သူတို့ထုတ်ဝေတဲ့ သတင်းစာတွေ ထဲက တစောင်ဖြစ်တဲ့ News of the World တနင်္ဂနွေ အပတ်စဉ်ထုတ် သတင်းစာကြီးကို ဒီတပတ် နောက်ဆုံး ထွက်ပြီးရင် ရပ်နားတော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းစာဟာ ဗြိတိန်မှာ နှစ်ပေါင်း ၁၆ဂနှစ်ကြာ ထုတ်ဝေခဲ့တဲ့ အရောင်းရဆုံး စာရင်းဝင် သတင်းစာတစောင် ဖြစ်ပါတယ်။

သူတို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကြောင့် ဂုဏ်သိက္ခာကျဆင်းခဲ့ရပြီး ဒီအတွက် သူတို့ကိုယ်သူတို့ တာဝန်ယူကြောင်း ပြတဲ့အနေနဲ့ အခုလို သတင်းစာ ထုတ်ဝေမှု ရပ်ဆိုင်း လိုက်ရတာ ဖြစ်တယ်လို့ ကုမ္ပဏီ ဥက္ကဌ ဂျိမ်းစ် မားဒေါ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကုမ္ပဏီက သတင်းလောကနဲ့ အထွေထွေ မီဒီယာ လုပ်ငန်းတွေမှာ ယုံယုံ ကြည်ကြည်နဲ့ အကြီးအကျယ် ရင်းနှီးမြှုပ်နှံ နေတဲ့ ကုမ္ပဏီ ဖြစ်ပြီး အခုလို မှားယွင်းတဲ့ လုပ်ရပ်က ပုံစံမကျတဲ့အတွက် ကုမ္ပဏီ အနေနဲ့ကော ကျွန်တော်ကပါ ဝမ်းနည်းကြောင်း ပြောကြား လိုပါတယ်လို့ ဂျိမ်းစ် မားဒေါ့က ဆိုပါတယ်။

တနင်္လာ ကနေ စနေနေ့ထိ နေ့စဉ်ထုတ်တဲ့ သူတို့ ကုမ္ပဏီကဘဲ ထုတ်တဲ့ The Sun သတင်းစာကို တနင်္ဂနွေနေ့မှာပါ ထုတ်ကောင်း ထုတ်လိမ့်မယ်လို့ တချို့ဝေဖန် သုံးသပ်သူ တွေက ပြောနေပါတယ်။

News of the World ရဲ့ သူများ ဖုန်းလိုင်းတွေထဲ ခိုးဝင် နားထောင် တာကို ခံရသူပေါင်း လေးထောင်လောက် အထိ ရှိနိုင်တယ်လို့ ဒီအမှုကို ထောက်လှမ်းနေတဲ့ စုံထောက်တွေက တွေ့ရှိရကြောင်း လန်ဒန် ရဲတပ်ဖွဲ့က ပြောပါတယ်။

ထောင်သောင်းချီတဲ့ လူတွေက သူတို့ဖုန်းတွေထဲ ခိုးဝင်နားထောင်ခံရတာနဲ့ ပတ်သက်လို့ သံသယဖြစ် တိုင်ကြားမှုတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

News of the World က ရဲတွေကို လာဘ်ထိုးပြီး သတင်းအချက်အလက် ရယူခဲ့တယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်တွေ ထွက်လာခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့ အတွင်း အဂတိလိုက်စားမှုတွေကို အမြစ်ပြတ် ချေမှုန်းသွားဖို့ သန္နိဋ္ဌာန် ချထားတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ Sir Paul Stephenson ဆိုပါတယ်။