တောင်ပိုင်းဆူဒန် လွတ်လပ်ရေးကြေညာ

  • 9 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption တောင်ပိုင်းဆူဒန်နိုင်ငံဟာ ကုလသမဂ္ဂရဲ့ ၁၉၃ ခု မြောက် အဖွဲ့ဝင် နိုင်ငံဖြစ်လာ

တောင်ပိုင်းဆူဒန် နိုင်ငံရဲ့ လွတ်လပ်ရေး ကြေညာစာတမ်းကို ပျော်ရွှင်မြူးတူးပြီး သီချင်းတွေ သီဆိုနေကြတဲ့ ထောင်သောင်း ချီတဲ့ တောင်ပိုင်းသားတွေ ရှေ့မှာ တရား ဝင် ဖတ်ကြားခဲ့ပြီ ဖြစ်ပါတယ်။

တောင်ပိုင်းဆူဒန်နိုင်ငံဟာ လွတ်လပ်တဲ့ သီးခြား နိုင်ငံတနိုင်ငံ ဖြစ်လာကာ ကုလသမဂ္ဂရဲ့ ၁၉၃ ခုမြောက် အဖွဲ့ဝင် နိုင်ငံလည်း ဖြစ်ခဲ့ပါပြီ။

လွတ်လပ်ရေးအတွက် မြောက်ပိုင်းဆူဒန်ကို ဆန့်ကျင်တိုက်ခိုက်ရာမှာ ဦးဆောင်ခဲ့သူဖြစ်တဲ့ ဂျွန်ဂရမ်းရဲ့ အုတ်ဂူရှေ့ နိုင်ငံတော် အလံကို လွှင့်ထူနေချိန်မှာ ထရမ်းပက် တူရီယာတွေနဲ့ နိုင်ငံတော် သီချင်းသစ်ကို တီးမှုတ်ခဲ့ကြ ပါတယ်။

တောင်ပိုင်း ဆူဒန် သမ္မတ ဆာဗါကီးယားက အခြေခံဥပဒေကို လက်မှတ်ရေးထိုးပြီး ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဆူဒန် နှစ်နိုင်ငံအကြားပူပေါင်း ဆောင်ရွက်ရမယ်

ဒီလွတ်လပ်ရေးကြေညာတဲ့ အခမ်းအနားကို တက်ရောက် လာသူတွေကတော့ ဆူဒန်သမ္မတ အိုမာ အဲလ်ဘာရှား၊ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်းနဲ့ တခြား နိုင်ငံတကာက ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ ဖြစ်ကြပါတယ်။

ဒီအခမ်းအနားမှာ မစ္စတာ ဘန်ကီမွန်းက ဆူဒန် နှစ်နိုင်ငံအကြား ပူပေါင်းဆောင်ရွက်ရမယ်လို့ ပြောကြားသွားပါတယ်။

ဒီပွဲဟာ တောင်ပိုင်းဆူဒန်လွတ်လပ်ရေးအတွက် နှစ် ၅၀ ကြာတိုက်ပွဲ အဆုံးသတ်သွားပြီ ဆိုတာကို ဖေါ်ပြတဲ့ အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။

ဆူဒန် သမ္မတ နိုင်ငံဟာ တောင်ပိုင်းဆူဒန်ရဲ့ လွတ်လပ်ရေး ကို အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။ သမ္မတဘာရှားဟာ တောင်ပိုင်းဆူဒန် သူပုန်အဖွဲ့ ဖြစ်တဲ့ ဆူဒန်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ ငြိမ်းချမ်းရေးစာချုပ်ကို ၂၀၀၅ ခုနှစ်မှာ ချုပ်ဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တောင်ပိုင်းဆူဒန် လွတ်လပ်ရေးအတွက် နှစ် ၅၀ ကြာ တိုက်ပွဲ အဆုံးသတ်သွားပြီ

အခုလည်းတောင်ပိုင်းက ညီအစ်ကိုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲလို့ သမ္မတဘာရှားက ဆိုပါတယ်။ ဒါပေမဲ့ မပြေလည်သေးတဲ့ ပြဿနာတွေ ရှိနေသေးတဲ့ အတွက် ပဋိပက္ခ အသစ် တွေပေါ်ထွက်လာမှာကို စိုးရိမ်ပူပန်မှုတွေရှိနေကြပါသေးတယ်။

ဆူဒန်တောင်မြောက်အကြားမှာ နယ်နမိတ်စည်း ကို နှစ်ဘက်သဘောတူ မသတ်မှတ်နိုင်ကြသေးပါဘူး။ ဒါ့အပြင် အရေးကြီးတဲ့ ပြဿနာက နိုင်ငံရဲ့ ကြွေးမြီတွေနဲ့ ရေနံတွေကို ဘယ်ပုံဘယ်နည်းခွဲဝေကြမလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။

နယ်မြေအရ ပြောမယ်ဆိုရင် ရေနံထွက်တဲ့ဒေသအားလုံးဟာ တောင်ပိုင်းနယ်မြေထဲမှာ ချည့်ရှိနေကြတာပါ။ လောလောဆယ်မှာတော့ ရေနံက ရတဲ့ အကျိုးအမြတ်ကို ညီတူညီမျှ ခွဲဝေယူကြဖို့ သဘောတူထားပါတယ်။

ဒီတော့ တောင်ပိုင်းဆူဒန်နိုင်ငံသစ်ပေါ်ထွက်လာပြီး လွတ်လပ်ရေးရသွားပေမဲ့ ငြိမ်းချမ်းရေးအတွက်ကတော့ ဆက်လက် ကြိုးစားကြရဦးမယ့် သဘောရှိတယ်လို့ ဆိုရမှာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ရေနံကရတဲ့ အကျိုးအမြတ်ကို ညီတူ ညီမျှ ခွဲဝေယူ ကြဖို့ သဘောတူထားပါတယ်

ဒါပေမဲ့လို့ အာဖရိက သမဂ္ဂကတော့၂ နိုင်ငံ နယ်ခြားကနေ တဖက် ၁၀ ကီလိုမီတာအထိကို စစ်မဲ့ဇုန်အဖြစ်သတ်မှတ်ဖို့ ပြောကြားထား ပါတယ်။

ဆူဒန်လူမျိုးတွေအနေနဲ့ တောင်ပိုင်းသား ခံယူမလား မြောက်ပိုင်းသား ခံယူမလားဆိုတာ ဆုံးဖြတ်ဖို့အတွက် ဒီကနေ့ကစလို့ အချိန် ၉ လ ရကြမှာ ဖြစ်ပါတယ်။