Murdoch ကိုယ့်ရှယ်ယာ ကိုယ် ပြန်ဝယ်

  • 13 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Getty
Image caption News International အနေနဲ့ အရှုပ်တော်ပုံကြီးနဲ့ ရင်ဆိုင် နေရ

ကမ္ဘာ့ မီဒီယာ ကော်ပိုရေးရှင်းကြီး ဖြစ်တဲ့ News Corporation က သူ့ ရှယ်ယာ စျေး တွေ ကျလာနေတာကို တားဆီးဖို့ ကြိုးပမ်း တဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ သူပိုင် စတော့ခ် ရှယ်ယာ ဒေါ်လာ ၅ ဘီလျံ ဘိုးကို ပြန်ဝယ်မယ်လို့ ထုတ်ဖေါ် ကြေညာလိုက်ပါတယ်။

ဖုန်းထဲက သတင်း အချက်အလက်တွေကို တရားမဝင် ရယူခဲ့မှု အရှုပ်တော်ပုံကြီးကြောင့် ဗြိတိန်နိုင်ငံမှာ ရှိတဲ့ သူ့ကုမ္ပဏီရဲ့ ရှယ်ယာတွေ ကျဆင်းသွားတာကို တားဆီးဖို့ News Corporation ရဲ့ ဥက္ကဌ Rupert Murdoch က ကြိုးပမ်းနေတာပါ။

အခုလို ရှယ်ယာတွေ ပြန်ဝယ်မယ်ဆိုတဲ့ သတင်း ထွက်လာလာချင်း Wall Street မှာ အစု ရှယ်ယာစျေးတွေ ပြန်တက်သွားခဲ့ပါတယ်။

ဒါပေမယ့် BskyB ဂြိုလ်တု အသံလွှင့်လုပ်ငန်းကို ဝယ်ယူနိုင်ရေး News Corporation ရဲ့ ကြိုးပမ်းနေ မှုကို တားဆီးဖို့ အတိုက်အခံ ပါတီရဲ့ အဆိုပြုချက်ကို ဗြိတိသျှ အစိုးရက ထောက်ခံကြောင်း ကြေညာလိုက်ချိန်မှာတော့ ရှယ်ယာစျေးတွေ ပြန်ကျသွားခဲ့ပါတယ်။

တချိန်ထဲမှာပဲ ဗြိတိသျှ ဝန်ကြီးချုပ် David Cameron၊ ဒုတိယ ဝန်ကြီးချုပ် Nick Clegg နဲ့ အတိုက်အခံ ပါတီခေါင်းဆောင် Ed Miliband တို့ဟာ Rupert Murdoch ရဲ့ News International ကုမ္ပဏီရဲ့ တရားမဝင် လုပ်ရပ်တွေအပေါ် စုံစမ်း စစ်ဆေးရေး အဖွဲ့တခု ဖွဲ့ပြီး စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်လို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ထောင်နဲ့ မချီရင်တောင် ရာပေါင်းများစွာရှိနိုင်မဲ့ နိုင်ငံရေးသမားတွေ၊ နာမည်ကြီး ပုဂ္ဂိုလ်တွေ နဲ့ တခြားသူတွေရဲ့ သတင်းအချက်အလက်တွေကို ဖုန်းတွေထဲကနေ တရားမဝင် ရယူခဲ့တဲ့ ကိစ္စကို စုံစမ်း စစ်ဆေးဖို့ကိုရော၊ တခါ မီဒီယာသမားတွေ၊ နိုင်ငံရေး သမားတွေနဲ့ ရဲတွေ အကြား ဆက်ဆံရေးနဲ့ ပတ်သက်လို့ တရားသူကြီး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးမှု တခု လုပ်ဖို့ ကိုပါ သဘောတူခဲ့ကြပါတယ်။

ဒီအတောအတွင်းမှာပဲ Mr Murdoch ပိုင် သတင်းစာကြီး နှစ်ခု ဖြစ်တဲ့ the Sun နဲ့ the Sunday Times သတင်းစာ တို့က ဝန်ကြီးချုပ်ဟောင်း Gordon Brown ရဲ့ ငွေရေးကြေးရေး ၊ ဥပဒေရေးနဲ့ ကျန်းမာရေး ဆိုင်ရာ အတိမ်းအစောင်း မခံတဲ့ သတင်းအချက်အလက်တွေကို ဥပဒေ ချိုးဖေါက်ပြီး ရယူခဲ့တယ် ဆိုတဲ့ အချက်ကို ငြင်းဆိုလိုက်ကြပါတယ်။