ဆီးရီးယား သမ္မတကို အမေရိကန် အစိုးရ ပိုဖိအားပေး

  • 12 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် ap
Image caption သံရုံးကို ကာကွယ်ပေးမယ်ဆိုပြီး ဆီးရီးယားက ကတိပြုထားတယ်လို့ အမေရိကန်ပြော

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hilary Clinton က အမေရိကန် အစိုးရရဲ့ အမြင် မှာ ဆီးရီးယား သမ္မတ Bashar al-Assad ဟာ တရားဝင်မှု မရှိတော့ကြောင်းနဲ့ မရှိ မဖြစ် လိုအပ်သူတဦး မဟုတ်တော့ကြောင်း ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ဆီးရီးယား နိုင်ငံက အုံကြွ ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ အိုဘားမား အစိုးရရဲ့ အပြင်းထန် ဆုံး ကြေညာချက်ထဲမှာ အမေရိကန် အစိုးရ အနေနဲ့ သမ္မတ Bashar al-Assad အာဏာ ဆက်ကိုင်စွဲ ထားရေးကို လုံးဝ စိတ်မဝင်စားတော့ကြောင်းနဲ့ ဆီးရီးယားနိုင်ငံကို ဒီမိုကရေစီ နိုင်ငံ အသွင်ပြောင်းဖို့ကိုသာ မျှော်လင့်ထားကြောင်း Mrs Clinton က ဖေါ်ပြထားပါတယ်။

သမ္မတ Bashar al-Assad ရာထူးက ဆင်းပေးဖို့ကိုတော့ Mrs Clinton က မတောင်းဆိုခဲ့ ပါဘူး။

ဆီးရီးယားနိုင်ငံ Damascus မြို့မှာ ရှိတဲ့ အမေရိကန်နဲ့ ပြင်သစ် သံရုံးတွေကို သမ္မတ Assad ကို သစ္စာစောင့်သိသူ လူအုပ်ကြီးက တိုက်ခိုက်ခဲ့အပြီး နာရီပိုင်း အကြာမှာပဲ Mrs Clinton ရဲ့ ဒီကြေညာချက် ထွက်ပေါ်လာတာပါ။

ပြင်သစ်သံရုံးမှာရှိတဲ့ ဝန်ထမ်း ၃ဦး ဒဏ်ရာရသွားပြီး အဆောက်အဦတွေလည်း အနည်းငယ် ထိခိုက် ပျက်စီးသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။