BSkyB လုပ်ငန်း ရယူဖို့ ကြိုးပမ်းမှု မားဒေါ့ စွန့်လွှတ်

  • 14 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AFP

ရူးပတ်မားဒေါ့ရဲ့ News Corp ကုမ္ပဏီက ဗြိတိန်မှာ အငြင်းပွားစရာ ဖြစ်နေတဲ့ BSkyB ဂြိုဟ်တု ဆက်သွယ်ရေး လုပ်ငန်း အားလုံးကို အရင်က လွှဲပြောင်းရယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အခုတော့ ရုပ်သိမ်း လိုက်ပြီလို့ ဆိုပါတယ်။

လက်ရှိ အခြေအနေမျိုးမှာ ရှေ့ဆက်သွားဖို့ အရမ်းကို ခက်ခဲနေပြီဆိုတာ သေချာ လာပြီလို့ ကုမ္ပဏီက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တယ်လီဖုန်း ကြားဖြတ်ခိုးယူ နားထောင်မှု အရှုပ်တော်ပုံ ကြောင့် မစ္စတာမားဒေါ့ပိုင် ဗြိတိန်က သတင်းစာတွေမှာ အကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရ ပြီး၊ လူတွေ အမျက်ဒေါသ ထွက်မှုကြောင့် News of the World ဆိုတဲ့ သတင်းစာ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ ရပါတယ်။

ဗြိတိသျှ ပါလီမန်ထဲမှာ ဒီအရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး အခြေအတင် ဆွေးနွေးကာ ပါတီ အဖွဲ့တွေ အားလုံးက BSkyB လုပ်ငန်း လုပ်ခွင့်ပေးတာကို ရပ်ဆိုင်းဖို့ တောင်းဆိုချက် မထွက်လာမှီ News Corp ကုမ္ပဏီရဲ့ ကြေညာမှု ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်မှာ တယ်လီဖုန်းတွေကို ကြားဖြတ်ခိုးနားထောင်မှုနဲ့ ရဲ စစ်ဆေးမှု ခံနေရတဲ့ Rupert Murdoch ရဲ့ News Corporation ဟာ အမေရိကန်က ဥပဒေတွေကိုကော ချိုးဖောက်မှု ရှိလားဆိုတာ စုံစမ်းစစ်ဆေးဖို့ အမေရိကန် ကွန်ဂရက်ကို တောင်းဆိုမှုတွေ ပိုတိုးပြီးပေါ် ထွက် လာနေပါတယ်။

News Corporation က လန်ဒန်မှာရှိတဲ့ အရာရှိတွေကို လာဘ်ထိုးခဲ့သလား ဆိုတာကို တရားရေးဌာနက စုံစမ်းဖော်ထုတ်ပေးဖို့ ထိပ်တန်း ဆီးနိတ်တာ လေးယောက်က တောင်းဆို လိုက်ပါတယ်။

ဒါ့အပြင် ၂ဝဝ၁ ခုနှစ် New York မြို့က World Trade Center တိုက်ခိုက်ခံရမှု အတွင်း သေဆုံးသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ရယူဖို့ News Corp ရဲ့ သတင်းထောက် တွေက လာဘ်ထိုးမှုတွေ ရှိခဲ့လား ၊ ဖုန်းခိုးနားထောင်မှုတွေ ရှိခဲ့လား ဆိုတာကို FBI အက်ဖ် ဘီအိုင်က စစ်ဆေးပေးဖို့ ပြည်တွင်းလုံခြုံရေး ကော်မတီဥက္ကဌ Peter King က ပန်ကြား လိုက်ပါတယ်။