Mumbai မြို့မှာ ဆက်တိုက် ဗုံးကွဲ လူ ၂ဝ သေ

  • 14 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption Mumbai ဗုံးကွဲမှုကြောင့် ဒဏ်ရာရသွားသူ

အိန္ဒိယနိုင်ငံက စီးပွားရေး အချက်အချာကျတဲ့ Mumbai မြို့မှာ ဗုံးသုံးလုံး ပေါက်ကွဲခဲ့တာ ကြောင့် အနည်းဆုံး လူ၂ဝ သေဆုံးသွားပြီး ၁ဝဝကျော် ဒဏ်ရာ ရခဲ့ပါတယ်။

ဗုံးတလုံးက မြို့လယ်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး၊ ကျန်နှစ်လုံးကတော့ မြို့တောင်ပိုင်းမှာ ဖြစ်ပွားခဲ့ တာပါ။

လူအသွားအလာ ရှုပ်ထွေးတဲ့ အချိန်မှာ ပေါက်ကွဲ ခဲ့တာ ဖြစ်ပြီး၊ အကြမ်းဖက်သမားတွေရဲ့ ပူးပေါင်းကြံစည်မှု ဖြစ်နိုင်တယ်လို့ အိန္ဒိယ အရာရှိ တွေက ပြောပါတယ်။

၂ဝဝ၈ တုန်းက လူ ၁၅ဝကျော် သေဆုံးခဲ့ရတဲ့ အစ္စလာမ်စစ်သွေးကြွတွေရဲ့ ပူးပေါင်းတိုက်ခိုက် မှု အပါအဝင် ပြီးခဲ့တဲ့ နှစ်တွေအတွင်း မွန်ဘိုင်းမှာ ဗုံးပေါက်ကွဲ တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။

ဒီဗုံးခွဲ တိုက်ခိုက်မှု တွေဟာ စက်ဆုပ် ရွံရှာစရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ လုံခြုံရေး ကောင်စီက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှု မှန်သမျှဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုကို ဆိုးဆိုးရွားရွား ခြိမ်းခြောက် နေတယ်ဆိုတာကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက သေသေချာချာ ထပ် လောင်း ပြောကြားလိုပြီး၊ ဘယ်နေရာ ဘယ်အချိန်မှာဘဲဖြစ်ဖြစ်၊ အကြမ်းဖက်မှုမှန်သမျှဟာ တရားနည်းလမ်းလည်း မကျသလို ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တယ်လို့ လုံခြုံရေး ကောင်စီဥက္ကဌ ပီတာ ဝတ်တက်ဂ်က ပြောပါတယ်။

သမ္မတ အိုဘားမားကတော့ အမေရိကန် အနေနဲ့ ဒီဖောက်ခွဲမှုမှာ ပါဝင် ပတ်သက်သူတွေကို ကူညီ ဖော်ထုတ် ပေးချင်ပါတယ်လို့ ကမ်းလှမ်းခဲ့ပြီး အိမ်နီးချင်း ပါကစ္စတန် အစိုးရကလည်း ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပါတယ်။

အရင် တိုက်ခိုက်မှုတုန်းက ပါကစ္စတန် အခြေစိုက် အဖွဲ့တွေကို အပြစ်ပုံချခဲ့တာ ဖြစ်ပါတယ်။