ရူးပတ်မားဒေါ့ မီဒီယာ အင်ပါယာ နဲ့ ပတ်သက်တဲ့ ငြင်းခုံမှု တွေ

  • 13 ဇူလိုင် 2011
မားဒေါ့ ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရူးပတ်မားဒေါ့ နဲ့ နောက်ဆုံးထုတ်ဝေ လိုတဲ့ News of the World သတင်းစာ

မစ္စတာ ရူးပတ်မားဒေါ့ ပိုင် သတင်းစာ ရဲ့ အရှုပ်တော်ပုံ ဇာတ်လမ်းတွေ နဲ့ ပတ်သက် ပြီး ဗြိတိန် ပါလီမန် အတွင်း အငြင်းအခုံ တွေ တိုးပြီး ဖြစ်နေ ပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ရော အတိုက် အခံ လေဘာ ပါတီ ခေါင်းဆောင် အက်ဒ မီလီ ဘန်း ကပါ ဒီ သတင်းစာ အပေါ် အပြင်းအထန် ဝေဘန် နေကြ ပေမယ့် လည်း အတိုက် အခံ ဘက် က အစိုးရ ရဲ့ ဒီအရေး အပေါ် ကိုင်တွယ် ပုံ နဲ့ ပတ်သက် လို့ လည်း တိုက်ခိုက် နေပါတယ်။

မစ္စတာ မားဒေါ့ ရဲ့ သတင်း ကော်ပိုရေးရှင်း အနေနဲ့ ဗြိတိန် က ဘီစကိုင်းဘီ ရုပ်မြင်သံကြား မီဒီယာ ကုမ္ပဏီ က ရှယ်ယာ အားလုံး ပိုင်ဆိုင်အောင် ကြိုးစား နေမှု ကို တားဆီး သင့် မသင့် ကိစ္စ နဲ့ပတ်သက်ပြီး ဗြိတိန် ပါလီမန် တွင်း ဆွေးနွေး ငြင်းခုံ ခဲ့ကြ ပါတယ်။

ပါလီမန် တွင်း က အဓိက နိုင်ငံရေး ပါတီ ၃ ပါတီ စလုံး ကတော့ ဒီလို ဝယ်ယူမယ့် ကိစ္စ ကို တားဆီး ဘို့ သဘောထား တူကြ ပါတယ်။

ရူးပတ်မားဒေါ့ ရဲ့ အင်ပါယာ နဲ့ အခက်အခဲ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကမ္ဘာတလွှား က မီဒီယာ ကုမ္ပဏီ ပေါင်း အများ အပြား ကို ပိုင်ထား တဲ့ ရူးပတ်မားဒေါ့

မစ္စတာ မားဒေါ့ ဟာ အမေရိကတိုက်၊ ဥရောပ တိုက်၊ အာရှတိုက် တိုက်ကြီး သုံးခုမှာ ရုပ်မြင်သံကြား၊ သတင်းစာ နဲ့ သူ့ရဲ့ မီဒီယာ ကွန်ယက် တွေကို ဖြန့်ကျက် ထားနိုင် သူပါ။

သူ့ရဲ့ နယူးစ် အင်တာနေရှင်နယ် ကော်ပိုရေးရှင်း ဆိုတဲ့ ကုမ္ပဏီ ကြီးရဲ့ လက်အောက်ခံ ကုမ္ပဏီ တွေဟာ အမေရိကန် ဂျာမဏီ အီတလီ ဗြိတိန် အိန္ဒိယ နယူးဇီလန် သြစတြေးလျ နိုင်ငံ စတဲ့ တွေမှာ အသီးသီး ဖြန့်ကျက် ထားပါတယ်။

သူ့မီဒီယာ က သတင်းစာ တွေ ဟာ လူကြိုက်များ တာမို့ ဗြိတိန် နိုင်ငံရေး လောက က နိုင်ငံရေး ခေါင်းဆောင် တွေဟာ မားဒေါ့ ရဲ့ သတင်းစာ တွေရဲ့ ထောက်ခံမှု ရဖို့ ကို အပြင်း အထန် ကြိုးပမ်း တတ်ကြ ပါတယ်။

အမေရိကန် ပြည်ထောင်စု မှာ ဆိုရင်လည်း မားဒေါ့ ရဲ့ နယူးစ် အင်တာနေရှင်နယ် ကော်ပို ရေးရှင်း ရဲ့ လက်အောက်က Fox ရုပ်မြင်သံကြား ဟာ လူတွေရဲ့ နိုင်ငံရေး အတွေး အမြင် ကို ပြောင်းလဲ ပေးနိုင်စွမ်း ရှိတယ်၊ လွှမ်းမိုး နိုင်စွမ်းရှိ တယ်လို့ ယုံကြည် ယူဆသူတွေ အများအပြား ရှိပါတယ်။

အခု ဗြိတိန်မှာ တယ်လီဖုန်းထဲက သတင်း အချက် အလက်တွေကို ချိုးဖောက် ခိုးယူတဲ့ ပြဿနာ ကနေ ဆက်စပ်ပြီး အမေရိကန် ပြည်ထောင်စု မှာ လည်း လစ်ဘရယ် အသိုင်း အဝိုင်းက မားဒေါ့ ရဲ့ သတင်း လုပ်ငန်းတွေကို ကွန်ဂရက် လွှတ်တော် ကနေ စုံစမ်း စစ်ဆေးဖို့ တောင်းဆို လာနေ ပါတယ်။

သြဇာကြီးမား တဲ့ ကုန်သွယ်ရေး ကော်မတီကြီး ရဲ့ ဥက္ကဌ ဖြစ်သူ လွှတ်တော်အမတ် Jay Rockefeller လို ပုဂ္ဂိုလ်ကပါ အမေရိကန် နိုင်ငံသားတွေရဲ့ ကိုယ်ရေး ကိုယ်တာ လုံခြုံခွင့် ကို ရူးပတ် မာဒေါ့ မီဒီယာ တွေက ချိုးဖောက်မှု ရှိမရှိ စုံစမ်း စစ်ဆေးဖို့ ထုတ်ဖော် ပြောဆို နေပါတယ်။