ဖုန်းခိုးနားထောင် ခံရမှု ရှိမရှိ FBI က စစ်ဆေးတော့မယ်

  • 14 ဇူလိုင် 2011
Image caption အက်ဖ်ဘီအိုင် အဖွဲ့ကြီး ရုံးစိုက်ရာ အဆောက် အဦ

အမေရိကန် ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက Washington နဲ့ New York မြို့တွေက စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု အတွင်း ထိခိုက် ဒဏ်ရာရ သူတွေရဲ့ တယ်လီဖုန်းတွေကို Rupert Murdoch ရဲ့ News Corporation ကုမ္ပဏီက ကြားဖြတ် ခိုးယူ နားထောင်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် FBI အဖွဲ့ကြီးက စုံစမ်း စစ်ဆေးတော့မှာ ဖြစ်ပါတယ်။

နယူးယောက်မြို့က ရီပါ့ဘလစ်ကန် ပါတီက ကွန်ဂရက် လွှတ်တော်အမတ် Peter King အပါအဝင် လွှတ်တော်အမတ် တော်တော်များများရဲ့ တောင်းဆို မှုကြောင့် အခုလို စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ မားဒေါ့ရဲ့ ဗြိတိန်ထုတ် သတင်းစာ တစောင်ဖြစ်တဲ့ က စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေရဲ့ ဖုန်းတွေကို ကြားဖြတ်ခိုးယူ နားထောင်ဖို့ ကြိုးစားခဲ့တယ် ဆိုပြီး စွပ်စွဲကာ ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ မစ္စတာ ကင်းကနေ အက်ဖ်ဘီအိုင် အဖွဲ့ ဒါရိုက်တာ Robert Mueller ဆီကို စာရေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ တယ်လီဖုန်း ကြားဖြတ်ခိုးယူ နားထောင်မှုနဲ့ တရားနည်းလမ်း မကျတဲ့ လုပ်ရပ်တွေကြောင့် သူ့ကုမ္ပဏီ News Corporation ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ကောင်းကောင်းမွန်မွန် ဖြေရှင်းနိုင်လိမ့်မယ်လို့ သူယုံကြည် ကြောင်း မီဒီယာ သူဌေးကြီး Rupert Murdoch က ပြောကြား လိုက်ပါတယ်။

သူ့ကိုယ်ပိုင် သတင်းစာ တစောင်ဖြစ်တဲ့ Wall Street Journal နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ သူ့အခေါ်အရ အမှားအယွင်း အသေးအဖွဲလေးတွေသာ လုပ်ခဲ့မိတာ ဖြစ်ပြီး ဒါတွေကလည်း မကြာခင် ပြေပျောက်သွားမှာပါလို့ မစ္စတာ မားဒေါ့က ဆိုပါတယ်။

လာမယ့် သီတင်းပတ်အတွင်း ဗြိတိသျှ ပါလီမန် ကော်မတီ ရှေ့မှောက်မှာ မစ္စတာ မားဒေါ့နဲ့ သူ့သား ဂျိမ်းစ်တို့ကို လာရောက်စစ်ဆေးခံဖို့ ဆင့်ခေါ်ချက်ကို ကနဦးတုန်းက ငြင်းဆိုခဲ့ပေမယ့် အခုတော့ သူတို့အပေါ် စွပ်စွဲချက်တွေကို အစစ်ခံဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။