မွန်ဘိုင်းမြို့ကို အကြမ်းဖက်သမားတွေ ဘာကြောင့် ပစ်မှတ်ထား

  • 14 ဇူလိုင် 2011
Mumbai attacks ဓာတ်ပုံ မူပိုင် BBC World Service
Image caption မွန်ဘိုင်းဟာ အကြမ်းဖက်သမားတွေ ပစ်မှတ်ထားတဲ့ နေရာ ဖြစ်လာနေ

မွန်ဘိုင်းမြို့မှာ ဗုဒ္ဓဟူးနေ့က ဗုံးခွဲ တိုက်ခိုက်မှု တွေ ဖြစ်ခဲ့ပြန်လို့ လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွင်း က ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု မှာလည်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဒီ မွန်ဘိုင်း က အကြမ်းဖက်တိုက်ခိုက်မှု တွေ ကြောင့် သေဆုံးရသူတွေကို ကို၁၉၉၃ လောက် က စပြီး ပြန်ရေတွက် ကြည့်မယ် ဆိုရင် လူပေါင်း ၇၀၀ ကျော်သွားပါပြီ။

၂၀၀၈ တုန်း ကမွန်ဘိုင်း က ဟော်တယ် တခု နဲ့ လူစည်ကားရာနေရာတွေကို အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် လူရာကျော် သေဆုံးခဲ့ရပြီး၊ ၂၀၀၆ ခုနှစ် မှာ လည်း အကြမ်းဖက် သမားတွေက ခရီးသည်တင် ရထားတွေကို ဗုံးတွေနဲ့ အချိန်ကိုက် ခွဲခဲ့ကြလို့ လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။

မွန်ဘိုင်း ဟာ ဘဏ္ဍာရေး လုပ်ငန်းဆိုင်ရာ ဆုံရပ်မြိုကြီးဖြစ် သလို ရုပ်ရှင် ဂီတ စတဲ့ အနုပညာ စျေးကွက်ရှိရာ မြို့လည်း ဖြစ်ပါတယ်။ လူချမ်းသာ တွေ ပေါများ သလို ဆင်းရဲတဲ့ လူတွေကလည်း သန်းနဲ့ချီ ရှိတဲ့ မြို့ပါ။ ဒီလို ရောပြွမ်းပြီး ကျော်ကြားတဲ့ မြို့မှာ တခုခု ဖြစ်ရင် ဟိုးလေးတကျော် ဖြစ်တဲ့ သဘာဝရှိတာ ကြောင့် အကြမ်းဖက် သမား တွေက ပစ်မှတ်ထား နိုင်တယ် ဆိုတာ ကို မှန်းဆ ကြပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဘာသာရေး လူမျိုးရေး ကွဲပြားမှု အခြေခံတွေလဲ ရှိနေ

တကယ်တော့ မွန်ဘိုင်း ဟာ ဘာသာရေး ကွဲပြားမှု ကိုအခြေခံတဲ့ အဓိကရုဏ်း တွေ အများအပြားဖြစ်ခဲ့တဲ့ ရာဇ၀င်ရှိပါတယ်။ ၁၉၉၂ တုန်း က ဘာဘရီ ဗလီ ကို အစွန်းရောက် ဟိန္ဒူ တွေက မိုင်းခွဲ ခဲ့ပြီးတဲ့ နောက် မူဆလင် နဲ့ ဟိန္ဒူ တွေအကြား ဘာသာရေး အဓိကရုဏ်း သီတင်း ၂ ပတ် လောက် ဖြစ်ခဲ့ပါတယ်။ အနည်းဆုံး လူ ၉၀၀ လောက် အဓိကရုဏ်း အတွင်း သေဆုံးခဲ့ ရပြီး သေဆုံး သူ အများစု က မူဆလင် တွေပါ။

အဲဒီလို ဖြစ်ပြီး ၂ လ လောက် အကြာမှာ ဗုံးခွဲတိုက်ခိုက်တာတွေ ဆက်ဖြစ် လာသလို သေကြသူ အများအပြား ကလည်း မူဆလင်တွေ ဖြစ်ခဲ့ပါတယ်။

၁၉၉၈ခုနှစ် အတွင်း ထုတ်ပြန် ခဲ့တဲ့ အစီရင်ခံစာ တခု မှာ အစိုးရ အဆက်ဆက် ဟာ အဓိကရုဏ်း တွေ မှာ ပါဝင်ခဲ့ တဲ့ နိုင်ငံရေး သမား တွေ၊ ရဲ အရာရှိ တွေ စတဲ့ သူတွေကို အရေးယူ ဖို့ ပျက်ကွက်ခဲ့တယ် လို့ ဆိုထား သလို ဗုံးခွဲသူတွေလို့ စွပ်စွဲ ခုံရုံးတင်တာ တွေကို အစိုးရပိုင်း က လုပ်တဲ့ အခါမှာ လည်း အစိုးရပိုင်း ကို မူဆလင် ဆန့်ကျင်ရေး သမား တွေ အဖြစ် မြင်ကြသူတွေ အများအပြားရှိကြောင်း ရေးသား ထားတာ ကို တွေ့ရပါတယ်။

ဒီတော့ မွန်ဘိုင်း ဟာ လူချမ်းသာတွေ၊ နံမည်ကျော် ပုဂ္ဂိုလ် တွေနေတဲ့ မြို့ ဖြစ်သလို တဖက်နဲ့တဖက် မယုံကြည်မှု တွေ အကြီးအမား ရှိနေတဲ့ လူ့အသိုင်းအဝိုင်း ၂ခု အခိုင်အမာ အခြေချထားရာ မြို့ကြီးလည်း ဖြစ်ပါတယ်။

ဒီလို အချက်တွေ ကြောင့်ပဲ မွန်ဘိုင်း ဟာ အကြမ်းဖက်တိုက်ခိုက် သူတို့ ရဲ့ ပစ်မှတ်ထား စရာ ဖြစ်နေတဲ့ အကြောင်းရင်း တချို့ လို့ ဆိုနိုင်ပါတယ်လို့ ဘီဘီစီ သုံးသပ်သူတွေက ဆိုပါတယ်။