လစ်ဗျား သူပုန်တွေကို တရားဝင် အဖွဲ့အဖြစ် အသိအမှတ်ပြု

  • 16 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption Hillary Clinton နဲ့ ဝီလီယမ် ဟိတ်ခ်

လစ်ဗျားက ဗိုလ်မှူးကြီး ကဒါဖီကို ဆန့်ကျင်တဲ့ အာရပ်နိုင်ငံတွေ ၊ အနောက် နိုင်ငံ တချို့နဲ့ အမေရိကန် ပြည်ထောင်စုတို့က သူပုန်တွေကို တရားဝင် အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်း အဖြစ် အသိအမှတ် ပြုလိုက်ပါတယ်။

ဒါကြောင့် ပြည်ပ အစိုးရတွေက ကန့်သတ် ထိန်းချုပ်ထားတဲ့ လစ်ဗျားရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ သုံးဆယ်ကို သူပုန်တွေရဲ့ အသွင် ကူးပြောင်းရေး ကောင်စီက ထုတ်ယူ သုံးစွဲခွင့် ရတော့မှာ ဖြစ်ပါတယ်။

လစ်ဗျားမှာ ကြားဖြတ် အစိုးရ ပေါ်ပေါက်လာတဲ့ အထိ အမေရိကန် အစိုးရ အခု လက်ရှိ အသွင် ကူးပြောင်းရေး ကောင်စီကို တရားဝင် အုပ်ချုပ်တဲ့ အဖွဲ့အဖြစ် အသိအမှတ် ပြုသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ဆိုပါတယ်။

ဒီကြေညာချက်က လစ်ဗျား အတိုက်အခံတွေရဲ့ ဘဏ္ဍာရေးကို တောင့်တင်း ခိုင်မာသွားစေပြီး သူတို့အပေါ် ယုံကြည်မှုလည်း ပိုတိုးရလာစေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဆိုင်ရာ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီ ကတော့ လစ်ဗျား ပြည်သူတွေက သူ့ကို ထောက်ခံတယ် သူပုန်တွေကို ကူညီအားပေးတဲ့ ဆုံးဖြတ်ချက်ကို သူတို့က ဖျက်ဆီးပစ် လိမ့်မယ်လို့ ရုပ်မြင် သံကြား မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။