ဆိုမားလီးယား ဒုက္ခသည်တွေကို ဗြိတိန်ကူညီမယ်

  • 16 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆိုမားလီးယားက ဒုက္ခသည်တွေကို အကူအညီ ပေးနိုင်ဖို့က သေရေးရှင်ရေး ဖြစ်နေ

အာဖရိကအရှေ့မြောက်ဖက်မှာ မိုးခေါင် ရေရှားလို့ အတိဒုက္ခရောက် နေရသူတွေ အတွက်ပေးမယ့် အရေးပေါ် အကူအညီသစ် ထဲကနေ ဆိုမားလီးယားနိုင်ငံထဲက ကလေး တွေနဲ့ အမျိုးသမီးတွေကို အဓိက ထားပေးမှာ ဖြစ်တယ်လို့ ဗြိတိန် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး အန်ဒရူးမစ်ချဲက ပြောပါတယ်။

ဆိုမားလီးယားက ဒုက္ခသည်တွေအနေနဲ့ ကြမ်းတမ်းတဲ့ ခရီးကိုဖြတ်ပြီး ကင်ညာနဲ့ အီသီယိုပီးယားက နယ်ခြား ဒုက္ခသည်စခန်း တွေကို မသွားစေဖို့ဟာ အလွန်တရာ အရေးကြီးတယ်လို့ မစ္စတာမစ်ချဲက ပြောပါတယ်။

ဆိုမားလီးယားက ထွက်ခွာလာကြတဲ့ ဒုက္ခသည်တွေဟာ အီသီယိုပီးယားနဲ့ ကင်ညာ နိုင်ငံ တွေထဲမှာ ယာယီရွက်ဖျင်တဲ အမြောက်အများနဲ့ ပြည့်နှက်နေပါ တယ်။ ဆိုမားလီးယား နိုင်ငံအတွင်းမှာတင် ရွှေ့ပြောင်းနေထိုင်ကြတဲ့ ဒုက္ခသည် တွေလည်း အများအပြား ရှိနေ ပါတယ်။

အခုဆိုမားလီးယားမှာ ဒုက္ခသည်တွေကို အကူအညီတွေ ပေးနိုင်ဖို့က သေရေးရှင်ရေး ဖြစ်နေ ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီရဲ့ ခန့်မှန်းချက်အရ ဆိုရင် ဆိုမားလီးယား ပြည်တွင်းမှာတင် ဒီမိုးခေါင်ရေရှား ဒုက္ခကြောင့် အိုးအိမ်စွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်ကြရတဲ့ သူတွေက ၅ သိန်းလောက် ရှိပါတယ်။

ဒါပေမဲ့ ပြည်တွင်းရွှေ့ပြောင်းတွေကို အကူအညီပေးဖို့ အရေးက သိပ်ခက်ခဲနေပါတယ်။ ဆိုမားလီးယား တောင်ပိုင်းနဲ့ အလယ်ပိုင်းနေရာတော်တော်များများကို အယ်လ် ရှားဘတ် အစ္စလာမ် သူပုန်အဖွဲ့က ထိန်းချုပ်ထားပါတယ်။ သူတို့က အခု သိပ်ဒုက္ခရောက်လာတဲ့ အခြေအနေ ကျမှပဲ နိုင်ငံခြား ကယ်ဆယ်ရေး အေဂျင်စီတွေကို စတင် ဝင်ရောက်ခွင့် ပေးလိုက်တာဖြစ်ပါတယ်။

မစ္စတာ မစ်ချဲကတော့ ဆိုမားလီးယားမှာရှိတဲ့ ဒီ အစ္စလာမ် သူပုန်အဖွဲ့တွေနဲ့တော့ ဆက်ဆံ ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မစ္စတာ မစ်ချဲဟာ မိုးခေါင်ရေရှားမှုကြောင့် ဘယ်လောက်တောင် အခက်အခဲ အကြပ် အတည်းတွေ ဖြစ်နေရသလဲဆိုတာကို သိရဖို့ ကင်ညာ မြောက်ပိုင်းမှာ ဖွင့်ထားတဲ့ ဒါဒက် ဒုက္ခသည် စခန်းကြီးကို သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က အနောက်မြောက်ပိုင်း ဘိုင်ဒိုအာ ဒေသကို လေယာဉ်ပေါ်ကနေ စားနပ်ရိက္ခာချပေးခဲ့ပါတယ်။ ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့က ဆိုမားလီးယားမြို့တော် အနီးတဝိုက်မှာ စားနပ် ရိက္ခာဖြန့်ဖြူးရေးဌာန ဆယ်ခု လောက် ဖွင့်လှစ်ခဲ့ပါတယ်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကတော့ ဂျူးဘားမြစ်ကမ်း ဂျီလစ်ဘ်မှာ ကလေးသူငယ် ငါးထောင်လောက်ကို တချိန်တည်း အဟာရ ဖြည့်တင်းပေးနိုင်မယ့် စခန်းတွေတည်ဆောက် ကူညီနေပါတယ်။

အစ္စလာမ် သူပုန်အဖွဲ့ အယ်လ် ရှားဘတ်ကလည်း မြို့တော် မိုဂါဒစ်ရှူးရဲ့ အနောက်တောင် ဘက်မှာ လူပေါင်း ၄၀၀၀ လောက်ကို စားနပ်ရိက္ခာကူညီပေးနေပါတယ်။

တကယ်တော့ အခုအကူအညီတွေဟာ ကပ်ဆိုက်နေတဲ့ အခြေအနေအတွက် အကူအညီ လုပ်ငန်းစဉ်ရဲ့ အစပဲ ရှိပါသေးတယ်။ ဒီထက် အများကြီး ဆက်လက် ဆောင်ရွက်ဖို့ ရှိနေပါသေးတယ်။