ဆိုမာလီယားကို လေကြောင်းက ကူပြီ

  • 17 ဇူလိုင် 2011
_somalia ဓာတ်ပုံ မူပိုင် AP
Image caption ဆိုမာလီယားက အာဟာရ ချို့တဲ့ နေတဲ့ ကလေးငယ်

ဆိုမာလီယား တောင်ပိုင်းက ငတ်မွတ် နေတဲ့ ဒေသ အတွင်းမှာ ရှိတဲ့ ကလေးတွေ အတွက် အကူ အညီပေး ပစ္စည်း တွေကို လေကြောင်း ကနေ ပေးနိုင် တော့မှာ ဖြစ်ပါတယ်။

အဲဒီ ဒေသကိုထိန်းချုပ်ထားတဲ့ အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့ က ကန့်သတ်ချက်တွေကို လျော့ချ လိုက်ပြီး နောက်မှာ အဲဒီ မှာရှိတဲ့ အာဟာရ ချို့တဲ့နေတဲ့ ကလေး သူငယ်တွေ အတွက် လိုအပ်နေတဲ့ အကူ အညီတွေကို လေကြောင်း ကနေ ပို့ပေး နိုင်ရေး အတွက် စတင် ဆောင်ရွက် နေကြပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ကလေးများ ဆိုင်ရာ ရန်ပုံငွေ အဖွဲ့က မိုဂါဒစ်ရှူး မြို့တော်ရဲ့ အနောက် မြောက် ဘက်မှာရှိတဲ့ ဘေဒိုဝါ မြို့ကို စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီ တွေကို လေကြောင်းကနေ ပေးပို့ နိုင်ခဲ့ ပါတယ်။

အဲဒီ မှာရှိနေတဲ့ အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စု အဲလ် ရှာဘတ်ဗ် က လူမှုရေး အကူအညီ ပေးရေး ကိစ္စတွေ ကို ဘာမှ အနှောင့်အယှက် မပြုဖို့ အာမခံ ချက်တွေ ပေး ခဲ့တယ်လို့ ယူနီဆက်ဖ်ရဲ့ ပြောခွင့်ရသူ အမျိုးသမီးက ဘီဘီစီကို ပြောပါတယ်။

သူမက ပြောကြား ရာမှာ သူတို့ တွေ အနေနဲ့ ဒီအကူ အညီ ပေးရေး ပစ္စည်း တွေကို ဖြန့်ဝေ ရာမှာ တကယ် လိုအပ်နေသူ တွေဆီကို ရောက်စေဖို့ အတွက် ကို အဲလ် ရှာဘတ်ဗ် ဘက်က ကန့်သတ်ချက် တွေ မရှိ စေရေး အတွက် ရှင်းရှင်း လင်းလင်း ဖြစ်အောင် လုပ်ထားခဲ့ ပြီးကြောင်း၊ ညှိုနှိုင်းတာ မျိုး မဟုတ်ဘဲ ဆွေးနွေး ခဲ့တဲ့ သဘောမျိုး ဖြစ်ကြောင်းနဲ့ သူတို့ တွေ ဘက်ကလဲ တကယ်ကို ဒုက္ခရောက်နေသူ တွေကို အကူအညီ ပေးဖို့ လိုအပ်တာကို နားလည် တာကို တွေ့ခဲ့ရကြောင်း အဲဒီ အတွက် ဘာမှ ပေးရ၊ ကမ်းရ တာမျိုးလဲ မရှိကြောင်း တွေကို ပြော သွား ပါတယ်။

ဆက်လက်ပြီး ပြောကြား ခဲ့ရာ မှာတော့ အခု ကယ်ဆယ်ရေး လုပ်ငန်း တွေ အောင်မြင်မှု ရခဲ့တာကြောင့် လာမဲ့ အနာဂတ် မှာလဲ ဒီလို မျိုး အောင်မြင် မှုတွေ ရနိုင် မှာ ဖြစ်တယ်လို့လဲ ဆိုပါတယ်။