ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့ အခမ်းအနားတက်မယ်

  • 17 ဇူလိုင် 2011
DASSK ဓာတ်ပုံ မူပိုင် bbc
Image caption ဒေါ်စုက NLD ရုံးချုပ်မှာ စကားပြောဖို့ရှိ

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်း စုကြည်ဟာ ဇူလိုင် ၁၉ အာဇာနည်နေ့ ကျရင် ရန်ကုန် အာဇာနည်ကုန်းမှာ ကျင်းပမယ့် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ဖို့ ပြင်ဆင်နေပါတယ်။

အစိုးရဘက်ကနေ ဒေါ်အောင်ဆန်းစုကြည်ဆီကို ကြာသပတေးနေ့ တုန်းက ဖိတ်ကြားခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အတွင်း ရေးမှူး နဲ့ လုံခြုံရေး တာ၀န်ခံ ဦးဝင်းထိန်က ပြောပါတယ်။

အရင်တုန်းက ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရဘက်ကနေ ကားနဲ့လာခေါ်ပြီး အာဇာနည်ကုန်းကို သွား၊ ဂါရဝပြုပြီးရင် အိမ်ပြန်ပို့ပေးတတ်တယ်၊ အခုလည်း အဲဒီလို ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

NLD အဖွဲ့ဝင်တွေလည်း အာဇာနည်ကုန်းက သွားရောက် ဂါရဝပြုဖို့ ရှိပြီး သူတို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ပါမပါဆိုတာတော့ အစီအစဉ် အသေးစိတ် မသိရသေးဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အိမ်နဲ့ NLD ရွှေဂုံတိုင် ရုံးချုပ်မှာတော့ အာရုံဆွမ်းကပ် တာကို တပြိုင်နက်တည်း လုပ်ဆောင်ဖို့ ရှိပါတယ်။

အခမ်းအနားတွေ ကြိုတင်ကျင်းပ

အာဇာနည်နေ့ အထိမ်းအမှတ် အခန်းအနားတွေကို ရန်ကုန်က လှိုင်သာယာ၊ မြောက် ဥက္ကလာနဲ့ ထန်းတစ်ပင်တို့က NLD နဲ့ စေတနာရှင် တွေဖွင့်လှစ်ထားနဲ့ အမေ့အိမ် စာသင်ကျောင်း ၃ ကျောင်းမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။

အမေ့အိမ်ကျောင်းမှာ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲတွေလည်း ကျင်းပခဲ့တယ်လို့ လှိုင်သာယာကျောင်း တာ၀န်ခံ ကိုအေးပိုက ပြောပါတယ်။

ဒဂုန်က သွေးလှူရှင်များအဖွဲ့ရဲ့ အခမဲ့ စာသင်ကျောင်းသစ်မှာလည်း ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။