ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဆက်

  • 17 ဇူလိုင် 2011
Image caption ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ

ကေအိုင်အေ နဲ့ အစိုးရစစ်တပ်တွေအကြား၊ တိုက်ပွဲ ကြီးငယ်တွေကတော့၊ ကချင်ပြည်နယ်အတွင်း နေရာတော်တော်များများမှာ ဆက်လက်ဖြစ်ပွားနေတုန်းပဲဖြစ်ပါတယ်။

ကေအိုင်အေ တပ်မဟာ(၅) ရင်း(၁၈) နဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၂၁)တို့အကြား၊ မနေ့ကတည်းက ဖြစ်ပွားနေခဲ့တဲ့ တိုက်ပွဲတွေရဲ့ အဆက်အဖြစ် ကနေ့လဲ နေ့လည် (၁၂)နာရီကျော်လောက်မှာ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန် မြို့နယ်ခွဲ ‘နမ်ဆန်ယန်’ ရွာအနီးက ကားလမ်းကြော တောင်ကြောတနေရာမှာ အပြန်အလှန်တိုက်ပွဲငယ်တခု ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။

မနေ့က နေ့လည် ၂ နာရီလောက်မှာ နာရီ၀က်ခန့်ကြာ တိုက်ပွဲတခု ဖြစ်ပွားခဲ့ပြီးနောက်၊ ရပ်ဆိုင်းသွားခဲ့ရာက၊ ညနေ ၆ နာရီကျော် လောက်မှာ နောက်တကြိမ် ထပ်မံ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြ ပြန်ကာ၊ ည ၁၀နာရီလောက်အထိအတွင်း တိုက်ပွဲတွေ နားလိုက်ဖြစ်လိုက်နဲ့ အနည်းဆုံး (၃)ကြိမ် ခန့် ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း ခလရ ၂၁ ဖက်က (၃)ဦးကျဆုံးရပြီး (၁၀)ဦးကျော် ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအိုင်အေ ရှေ့တန်း စစ်ဖက် ရပ်ကွက်က ဆိုပါတယ်။

ခလရ ၂၁ ဟာ ကေအိုင်အေ ရင်း(၁၈)နဲ့သာမက ရင်း(၁၈)နဲ့ နယ်မြေတဆက်တည်းတည်ရှိနေတဲ့ ကေအိုင်အေ ရင်း(၂၃)နဲ့ပါ ရင်ဆိုင်နေရရင်း၊ ဝိုင်းပတ်ခံထားရသလိုဖြစ်နေပြီး ထိခိုက်ကျဆုံးမှုတွေဖြစ်နေရသလို၊ ကေအိုင်အေဖက်ကလဲ စစ်လမ်းကြောင်းကို ပိတ်ဆို့ဘို့ မိုင်းချရာမှ တဉီးဒဏ်ရာရမှု ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

အလားတူ ပဲ၊ စနေနေ့ကလည်း ရွှေကူမြို့နယ်အတွင်း ကေအိုင်အေနဲ့ အစိုးရစစ်တပ် ခလရ(၁၄၁)တို့အကြား ထိတွေ့ တိုက်ပွဲဖ ြစ်ပွားခဲ့တာ ရှိခဲ့ပြီး ခလရ(၁၄၁)ဖက်မှ (၄)ဉီး ကျဆုံးကာ (၂)ဉီး ဒဏ်ရာရသွားခဲ့တယ်လို့ ကေအိုင်အေဖက်က ဆိုပါတယ်။

မန်စီ မြို့နယ်အတွင်းမှာလဲ ကေအိုင်အေတပ်မဟာ ၃၊ ရင်း(၁၂) ရင်း(၂၇)တပ်ဖွဲ့၀င်တွေနဲ့ အစိုးရစစ်တပ် ခလရ (၁၀၅)တို့အကြား မနေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထပ်မံသိရပါတယ်။

ဒီတိုက်ပွဲတွေအတွင်းက သေကြေထိခိုက်ဒဏ်ရာရမှုတွေနဲ့ပတ်သက်ပြီးတော့ သီးခြားအတည်မပြုနိုင်ပါဘူး။

နောက်ဆုံးဝင်လာတဲ့ အတည်မပြုနိုင်တဲ့ သတင်းအရ အစိုးရတပ်ဘက်က ဗိုလ်ကြီးတဦးနဲ့ တပ်သား ၂ ဦးကို ကေအိုင်အေက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။