ဗြိတိန်က News Corp အရှုပ်တော်ပုံ ကမ္ဘာကို ထပ်ရိုက်ခတ်

  • 18 ဇူလိုင် 2011
Murdoch ဓာတ်ပုံ မူပိုင် BBC World Service
Image caption မီဒီယာသူဌေးကြီး ရူးပတ် မားဒေါ့

မီဒီယာသူဌေးကြီး ရူးပတ်မားဒေါ့ပိုင်တဲ့ News of the World သတင်းထောက် တွေကနေ ဖုန်းလိုင်း ကြားဖြတ်ခိုးယူ အသုံးပြုမှုနဲ့ လာဘ်ပေးလာဘ်ယူမှု လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဆွေးနွေးနိုင်ဖို့ ဗြိတိသျှပါလီမန်ကို မနက်ဖြန် ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပါလီမန်ဆီကို ကြေငြာချက် တစ်စောင်ပေးပို့မယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

ဒါပေမယ့် အတိုက်အခံဘက်ကတော့ ဒီလို ထုတ်ပြန်ရုံနဲ့ မလုံလောက်ဘူး၊ ပါလီမန်အတွင်း အကြေအလည် ဆွေးနွေးဖို့ လိုနေတယ်၊ မစ္စတာ ကင်မရွန်းဟာ News of the World က အယ်ဒီတာကို အရင်က သူ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ခန့်ခဲ့တာဟာ အလွန်လွဲမှားတဲ့ အကဲဖြတ်ချက် ဖြစ်တယ်လို့ ပြောပါတယ်။

မစ္စတာ မားဒေါ့ရဲ့ News of the World သတင်းစာကနေ နာမည်ကြီး အနုပညာရှင်တွေ၊ ဝန်ထမ်းတွေ၊ ရာဇဝတ်သားကနေ အသတ်ခံရသူတွေရဲ့ မိသားစုဝင်တွေ နောက်ပြီး ဗြိတိသျှတော်ဝင် မိသားစုဝင်တွေရဲ့ ဖုန်းတွေကို ကြားဖြတ်ခိုးယူအသုံးပြုခဲ့တယ်၊ ရဲကိုလည်း လာဘ်ထိုးခဲ့တယ်ဆိုတဲ့ ဒီလဆန်းကစတဲ့ စွပ်စွဲချက်တွေကြောင့် လူတွေကြားမှာ မကျေမနပ် ဒေါသ ထွက်ခဲ့ကြပါတယ်။

ရဲအရာရှိတွေ နှုတ်ထွက်

ဗြိတိန်က News of the World သတင်းစာရဲ့ အရှုတ်တော်ပုံကိစ္စကြောင့် ဗြိတိသျှ အဆင့်မြင့် ရဲအရာရှိ နှစ်ဦးလည်း နှုတ်ထွက်သွားခဲ့ပါတယ်။

ဗြိတိန်က အဆင့်မြင့်ဆုံး ရဲမင်းကြီး Sir Paul Stephenson တနင်္ဂနွေနေ့က နှုတ်ထွက်ခဲ့သလို လက်ထောက် ရဲမင်းမင်း John Yakes လည်း တနင်္လာနေ့မှာ နှုတ်ထွက်ခဲ့ပါတယ်။

John Yakes ဟာ ၂၀၀၉ ခုနှစ်တုန်းက ဖုန်းလိုင်းကြားဖြတ်ခိုးယူ နားထောင်မှုကိစ္စတွေကို ကိုင်တွယ်ပုံ ညံ့ဖျင်းတယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။

ဗြိတိန်ကနေ တခြားနိုင်ငံတွေကို ကူးစက်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗြိတိန်က မားဒေါ့ပိုင် သတင်းစာများ

အခုဆိုရင် ဗြိတိန်က သတင်းစာ အရှုတ်တော်ပုံ ကိစ္စဟာ တခြားနိုင်ငံတွေထိပါ ကူးစက်နေ ပါတယ်။

News of the World သတင်းထောက်တွေကနေ ဗြိတိသျှရဲကို လာဘ်ထိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် ဆွေးနွေးနိုင်ဖို့ အမေရိကန် ဖက်ဒရယ်အစိုးရ စုံစမ်းစစ်ဆေးရေးမှူးတွေက ဗြိတိသျှ ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပါတယ်။

နိုင်ငံခြားသား အရာရှိတွေကို လာဘ်ပေးတဲ့ ကုမ္ပဏီတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်တဲ့ အမေရိကန်နိုင်ငံမှာ မစ္စတာ မားဒေါ့ရဲ့ News Corporation က အခြေစိုက် ထားတာ ဖြစ်ပါတယ်။

သြစတြေးလျှနိုင်ငံမှာလည်း News Corporation ရဲ့ ရှယ်ယာတွေဟာ အချိန်တချိန်မှာဆိုရင် ၇ ရာခိုင်နှုန်းကျော်ထိ ကျဆင်းသွားခဲ့ပါတယ်။