လစ်ဗျားနဲ့ အမေရိကန် တွေ့ဆုံ ဆွေးနွေးခဲ့

  • 19 ဇူလိုင် 2011

လစ်ဗျား နိုင်ငံမှာ နေတိုး ဦးဆောင်တဲ့ တပ်ဖွဲ့တွေက ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်လုပ်နေချိန်မှာပဲ လစ်ဗျား အစိုးရနဲ့ အမေရိကန် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေ အကြား တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာ ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီတွေ့ဆုံမှုဟာ အပြု သဘောဆောင်တဲ့ ခြေလှမ်းလို့ လစ်ဗျား ပြောခွင့်ရ ပုဂ္ဂိုလ်ကပြော

နှစ်ဘက်အကြား တရက်ကြာ ဆွေးနွေး ပြောဆို မှုတွေ ပြီးခဲ့တဲ့ သီတင်းပတ်က လုပ်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနနဲ့ လစ်ဗျား အစိုးရ တို့က အတည်ပြု ပြောခဲ့ပါတယ်။

ဒီဆွေးနွေးပြောဆိုမှုတွေကို တူနီးရှားနိုင်ငံမှာ ကျင်းပခဲ့တာ ဖြစ်ပြီး အပြုသဘောဆောင်တဲ့ ခြေလှမ်းတခုအဖြစ် လစ်ဗျား အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ဖေါ်ညွှန်း ပြောဆိုသွားပါတယ်။

အမေရိကန်တွေဘက်က နိုင်ငံခြားရေး အငယ် တန်း ဝန်ကြီးတဦး ဦးဆောင်လုပ်ခဲ့တဲ့ ဒီဆွေးနွေး ပြောဆိုမှုတွေဟာ စေ့စပ်ညှိနှိုင်းတဲ့ ဆွေးနွေးပွဲ မဟုတ်ပဲ လစ်ဗျား ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီ ရာထူးက ဆင်းပေးရမယ် ဆိုတာကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း စကားလက်ဆောင်ပါးတဲ့ ဆွေးနွေးမှု ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

နောက်ထပ် ဆွေးနွေးမှုတွေ လုပ်ဖို့ အစီအစဉ် မရှိဘူးလို့လည်း အမေရိကန်အစိုးရက ပြောပါတယ်။

ဒီအတော အတွင်းမှာပဲ ရေနံ အဓိက ထုတ်လုပ်ရာ Brega မြို့က လူနေ ရပ်ကွက်တွေမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီးမှာ မြို့ရဲ့ နေရာ အတော်များများကို သိမ်းပိုက်လိုက်နိုင်ပြီလို့ လစ်ဗျား သူပုန်တွေက ပြောပါတယ်။

ကမ်းရိုးတန်း တလျှောက် အနောက်ဘက်ကို ဗိုလ်မှူးကြီး ကဒါဖီရဲ့ တပ်ဖွဲ့တွေ ဆုတ်ခွာသွား ကြပြီဖြစ်ပြီး သူပုန်တပ်ဖွဲ့တွေက မြို့ကို ဝိုင်းထားလိုက်ပြီလို့ သူပုန်တွေက ပြောပါတယ်။

လစ်ဗျား အစိုးရကတော့ ဒီပြောဆိုချက်တွေကို ငြင်းဆိုလိုက်ပါတယ်။

အစိုးရ တပ်ဖွဲ့တွေဟာ Brega မြို့ကို အပြည့်အဝ ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်းနဲ့ အဲဒီမှာ သူပုန် ငါးရာကျော်လောက်ကို သူတို့ ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တကယ်လို့သာ Brega မြို့ကို သူပုန်တွေက သိမ်းပိုက် ထိန်းချုပ်ထားလိုက်နိုင်ပြီ ဆိုရင်တော့ ဒါဟာ သူပုန်တွေရဲ့ စစ်ဆင်လှုပ်ရှားမှုတွေအတွက် သိသာထင်ရှားတဲ့ တွန်းအားတခု ဖြစ်လာ လိမ့်မယ်လို့ လစ်ဗျားမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။