ဗာတီကန် ကျောင်းတော်ကို အိုင်ယာလန် သတိပေး

  • 21 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption အိုင်ယာလန် ဝန်ကြီးချုပ် Enda Kenny

အိုင်ယာလန် ဝန်ကြီးချုပ် Enda Kenny ဟာ ဗာတီကန် ရိုမန်ကက်သလစ် ခရစ်ယာန် ကျောင်းတော်ကို မကြုံစဘူး ပြင်းပြင်းထန်ထန် တိုက်ခိုက် ပြောဆိုလိုက်ပါတယ်။

ရိုမန်ကက်သလစ် ခေါင်းဆောင်တွေဟာ မုဒိမ်း ကျင့်ခံရတဲ့ ခလေးတွေထက် အာဏာနဲ့ ဂုဏ်သိက္ခာကို ရှေ့တန်း တင်နေတယ်လို့ သူက စွပ်စွဲလိုက်ပါတယ်။

ကက်သလစ် ဘုန်းတော်ကြီးတွေက လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာနဲ့ ပတ်သက်ပြီး စစ်ဆေး တွေ့ရှိချက်တွေကို ရေးထားတဲ့ Cloyne အစီရင်ခံစာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထွက်ပေါ်လာရာမှာ ရိုမန် ကက်သလစ် ကျောင်းတော်ရဲ့ အလုပ်မဖြစ်တဲ့ အထက်လွှာ လူကြီးပိုင်းက ဒီစုံစမ်းမှုကို အရာမရောက်အောင် ကြိုးပမ်းခဲ့တာကို ဖော်ပြထားတယ်လို့ သူက ပါလီမန်မှာ ပြောခဲ့ပါတယ်။

ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်း ဂုဏ်သိက္ခာ မညှိုးနွမ်းအောင် ထိန်းသိမ်းဖို့ ခလေးတွေကို နှိပ်စက်ညှင်းပမ်းပြီး မတော်မတရား ပြုကျင့်တွေကို လျော့ပေါ့ ပြောဆို ခဲ့တယ်လို့ သူက ဆိုပါတယ်။

ခရစ်ယာန် ဘာသာရေး ကျောင်းတော်နဲ့ အိုင်ယာလန် အစိုးရ အဖွဲ့ရဲ့ ဆက်ဆံရေးဟာ ဘယ်တော့မှ အရင်နဲ့ မတူနိုင်တော့ဘူးလို့ မစ္စတာ ကန်နီက ပြောပါတယ်။