ဆိုမားလီးယားကို အငတ်ဘေးသင့် နိုင်ငံ အဖြစ် ကြေညာဖို့ရှိ

  • 20 ဇူလိုင် 2011
Image caption အာဖရိက ဦးချိုဒေသမှာ မိုးခေါင်ရေရှားမှု ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံနေရ

ဆိုမားလီးယားနိုင်ငံက ဒေသတချို့ကို အငတ်ဘေးသင့်တဲ့ ဒေသတွေအဖြစ် ကုလသမဂ္ဂ အဖွဲ့က သတ်မှတ်ကြေညာဖို့ ပြင်ဆင်နေပါတယ်။

အရှေ့အာဖရိက ဒေသတဝှမ်းမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှု ဒဏ်ကြောင့် ခန့်မှန်းခြေ လူ၁၀သန်းလောက် ဒုက္ခနဲ့ ရင်ဆိုင်နေကြရပါတယ်။

ကယ်ဆယ်ရေး အထောက်အပံ့တွေ ပေးနေတဲ့ ကြားက ဆိုမားလီးယားနိုင်ငံမှာ အခြေအနေတွေ အတော်လေးကို ဆိုးလာနေတယ်လို့ ကုလသမဂ္ဂ ကပြောပါတယ်။

အဲဒီ ဒေသတွေမှာ ၁၉နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အငတ်ဘေး ပြန်ကျရောက် လာနေပြီ ဖြစ်ကြောင်း ကုလသမဂ္ဂက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖေါ် ကြေညာမယ်လို့ သတင်း ရပ်ကွက် အတော်များများက ပြောပါတယ်။

ဆိုမားလီးယားနိုင်ငံမှာ ရှိတဲ့ Bakool ဒေသနဲ့ Shabele အောက်ပိုင်း ဒေသတွေမှာ မိုးခေါင်ရေရှားမှုဒဏ်၊ စစ်ပွဲဒဏ်နဲ့ ဆင်းရဲမွဲတေမှုဒဏ်တွေကို တပေါင်းတည်း စုစည်း ခံနေရတာမို့ အဲဒီဒေသတွေကို အငတ်ဘေးသင့် ဒေသတွေအဖြစ် ကုလသမဂ္ဂက ကြေညာမယ်လို့ ယူဆရကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဲဒီ ဒေသတွေမှာ ကလေးငယ် ၃၀ ရာခိုင်နှုန်း အကြီးအကျယ် အာဟာရ ချို့တဲ့နေပြီး ကလေးငယ် တသောင်းမှာ ၄ယောက်လောက် နေ့စဉ် အသက် ဆုံးရှုံးနေရပါတယ်။

အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရတဲ့ ဆိုမားလီးယား ပြည်သူ သိန်းသောင်းချီပြီး အိမ်နီးချင်း ကင်ညာနိုင်ငံ ဒါမှမဟုတ် အီသီယိုပီးယား နိုင်ငံတွေဆီ ထွက်ပြေး ခိုလှုံဖို့ ကြိုးစားနေကြ ပါတယ်။